နိုင်ငံတကာအသိုက်အဝန်းရဲ့ ထောက်ခံမှု ရရှိဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် တိုက်တွန်း

မြန်မာစစ်တပ်ရဲ့ အာဏာရယူအုပ်ချုပ်နေတဲ့အပေါ် တောက်လျှောက် ဆန့်ကျင်ကန့်ကွက်လာခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးကျော်မိုးထွန်းက မကြာခင် ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ကော်မတီ အစည်းအဝေးမှာ စစ်အုပ်ချုပ်ရေးကို လက်မခံဘဲ ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ပြောကြားချက်အရ စစ်တပ်က အာဏာရယူခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး အောက်တိုဘာလ ၄ ရက်နေ့အထိကာလအတွင်း သေဆုံးသူ ၁၁၅၈ဦး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာလအတွင်း NUG အစိုးရက ကိုယ်ပိုင်ကာကွယ်ရေးအတွက် တိုက်ခိုက်ကြဖို့ ပြည်သူတွေကို လှုံ့ဆော်ခဲ့တာကြောင့် စစ်တပ်နဲ့ ပြည်သူတွေ အကြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ သေကြေဒဏ်ရာရသူတွေ များပြားနေတဲ့ အခြေအနေကို ရောက်နေ ပါတယ်။
အခုလို အခြေအနေမှာ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ရဲ့ ဌာနချုပ်မှာ ယခင်အစိုးရက ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဦးကျော်မိုးထွန်းက အထွေထွေညီလာခံရဲ့ ကော်မတီအစည်းအဝေးမှာ စစ်အာဏာသိမ်းတာကို နိုင်ငံတကာ အသိုက်အဝန်းက လက်မခံဘဲ ဆန့်ကျင်တွန်းလှန်နေတဲ့ ပြည်သူတွေကို ထောက်ခံကြဖို့ တင်ပြမယ်လို့ သိရပါတယ်။
စစ်တပ်ဖက်က ကုလသမဂ္ဂဆိုင်ရာ သံတမန်တစ်ဦးကို စေလွှတ်ထားပေးမယ့် လက်ရှိမှာတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြု ဆုံးဖြတ်ပေးတဲ့ ကော်မတီအဖွဲ့က ဆုံးဖြတ်ချက်ကို မထုတ်ပြန်သေးတာကြောင့် ဦးကျော်မိုးထွန်းကိုပဲ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားဆဲ ဖြစ်ပါတယ်။