မြန်မာစစ်တပ်အပေါ် စိတ်ပျက်ကြောင်း ASEAN ထုတ်ဖော်ပြောဆို

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ အထူးကိုယ်စားလှယ်ကို လက်ခံဖို့ တွန့်ဆုတ်နေတဲ့ မြန်မာစစ်တပ်အပေါ် စိတ်ပျက်တယ်လို့ ASEAN နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။

ဘရူနိုင်းရဲ့ အမှတ် (၂) နိုင်ငံခြားရေးဝန်ကြီး Erywan Yusof မြန်မာနိုင်ငံ သွားဖို့ အဆိုပြုထားတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ASEAN ဟာ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို တနင်္လာနေ့က အွန်လိုင်းပေါ်ကနေ ကျင်းပခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ ဒီမိုကရေစီလိုလားသူတွေအကြား တွေ့ဆုံဆွေးနွေးရေး ကြားဝင်လုပ်ဆောင်ဖို့ ASEAN က ဩဂုတ်လတုန်းက မစ္စတာ Erywan ကို တာဝန်ပေးခဲ့ပါတယ်။
အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အထူးကိုယ်စားလှယ်အနေနဲ့ ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေအပါအဝင် သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့အတွက် မြန်မာနိုင်ငံကို သွားဖို့ အခက်အခဲတွေ ရှိနေတယ်လို့ တခြားနိုင်ငံခြားရေးဝန်ကြီးတွေကို သူ ပြောခဲ့ကြောင်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုမျိုး မလုပ်ခဲ့ဘူးလို့ မီးစ် Marsudi က ပြောပါတယ်။ ASEAN အဖွဲ့ဝင်အများစုဟာ မြန်မာစစ်တပ်အပေါ် စိတ်ပျက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
ASEAN ခေါင်းဆောင်တွေအနေနဲ့ ဒီလနှောင်းပိုင်းမှာ ပြန်လည်တွေ့ဆုံတဲ့အခါ ဒီကိစ္စကို ကိုယ်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဖွေဖို့အတွက် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သူ မျှော်လင့်ကြောင်း ပြောပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာအာဏာပိုင်တွေဟာ "မြန်မာ့အရေးအတွက် ခန့်အပ်ထားတဲ့ ASEAN အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိ"တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေဟာ စိတ်ပျက်ကြောင်း သူ့ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ASEAN က မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ၅ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ပြည်သူအပေါ် နှိမ်နင်းမှုတွေအတွင်း လူပေါင်း ၁,၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
ASEAN က ဘယ်လို အခန်းကဏ္ဍမှာ ပါဝင်နိုင်တယ်ဆိုတာနဲ့ မြန်မာစစ်တပ်ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲအောင် ဘယ်လို လုပ်နိုင်မလဲဆိုတာနဲ့ပတ်သက်လို့ကတော့ မသေချာ မရေရာသေးပါဘူး။