ကိုရိုနာဗိုင်းရပ်စ် အရေးကိစ္စကို အလေးပေးဆောင်ရွက်မယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး ပြော

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ရဲ့ အစိုးရအဖွဲ့ဝင်တွေဟာ အချိန်ပြည့် တာဝန်ထမ်းဆောင်မှု စတင်ခဲ့ပြီး လာမယ့်သီတင်းပတ်တွေနဲ့ လတွေအတွင်း သူတို့ ဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို ကိုင်တွယ်မယ့် ဝန်ကြီးတွေအပါအဝင် အဖွဲ့ဝင် အများအပြားဟာ ပထမဆုံးအကြိမ် ရာထူးထမ်းဆောင်မယ့်သူတွေ ဖြစ်ပါတယ်။
ကျန်းမာရေး၊ အလုပ်သမားအရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ ဝန်ကြီး Goto Shigeyuki က "ကိုရိုနာဗိုင်းရပ်စ်ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်တာဟာ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကို ကာကွယ်ဖို့ အမြန်ဆုံး လုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်"လို့ ပြောပါတယ်။
ဂျပန့် စီးပွားရေးလုံခြုံမှုဆိုင်ရာ ကာကွယ်ရေး တာဝန်ခံ ရာထူးအသစ်ကိုလည်း မစ္စတာ Kishida က ဖန်တီးခဲ့ပါတယ်။
စီးပွားရေးလုံခြုံမှုဆိုင်ရာ တာဝန်ခံဝန်ကြီး Kobayashi Takayuki က "ဂျပန်ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အလွန်အမင်း စိုးရိမ်ရတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလို အခြေအနေမျိုးမှာ စီးပွားရေးဆိုင်ရာ ရှုထောင့်ကနေ ပြည်သူတွေရဲ့ ဘဝကို ကာကွယ်သွားမယ်"လို့ ပြောပါတယ်။
တခြားဝန်ကြီးတွေဟာလည်း သူတို့ရဲ့ ကတိကဝတ်တွေနဲ့ပတ်သက်ပြီး အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။