နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးဟာ အဓိကကျတယ်လို့ အမေရိကန်သမ္မတကို ဂျပန်ဝန်ကြီးချုပ် ပြော

ဂျပန်ဝန်ကြီးချုပ်အသစ် Kishida Fumio က သူ့ အစိုးရဟာ ဂျပန်နဲ့ အမေရိကန် နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးကို ဂျပန်နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒတွေရဲ့ အခြေခံအုတ်မြစ်အဖြစ် ဆက်လက်သဘောထားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden ကို အင်္ဂါနေ့မှာ သူ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ခေါင်းဆောင်နှစ်ဦးဟာ လူကိုယ်တိုင် တွေ့ဆုံတက်ရောက်မယ့် ထိပ်သီးအစည်းအဝေးတစ်ခုကို မကြာခင် စီစဉ်ဖို့ သဘောတူခဲ့ကြတယ်လို့ မစ္စတာ Kishida က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မစ္စတာ Biden နဲ့ မိနစ် ၂၀ လောက် တယ်လီဖုန်းနဲ့ စကားပြောခဲ့တဲ့ မစ္စတာ Kishida က သူတို့နှစ်ဦးဟာ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးကို အားကောင်းလာအောင် လုပ်ဆောင်ဖို့နဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်လာရေး အကောင်အထည်ဖော်ဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သဘောတူညီခဲ့ကြောင်း ပြောပါတယ်။
နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေးရဲ့ ကာကွယ်တားဆီးနိုင်စွမ်းနဲ့ အရေးပေါ် တုံ့ပြန်နိုင်စွမ်းတွေကို မြှင့်တင်ဖို့ ကတိကဝတ်ကိုလည်း သူတို့ ထပ်မံအတည်ပြုခဲ့ကြပါတယ်။
အရှေ့တရုတ်ပင်လယ်ထဲက Senkaku ကျွန်းစုတွေဟာ ဂျပန်-အမေရိကန် လုံခြုံရေး သဘောတူစာချုပ်ရဲ့ အပိုဒ် ၅ နဲ့ အကျုံးဝင်တယ်ဆိုတာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ကတိကဝတ်ကို မစ္စတာ Biden က အလေးပေး ပြောကြားခဲ့တယ်လို့ မစ္စတာ Kishida က ဆိုပါတယ်။ ဒီပုဒ်မမှာ ဂျပန်ကို အမေရိကန်ပြည်ထောင်စုက ကာကွယ်စောင့်ရှောက်မယ်လို့ ကတိပြုထားပါတယ်။
ဂျပန်ဟာ အဲဒီကျွန်းစုတွေကို ထိန်းချုပ်ထားပြီး တရုတ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုနေပါတယ်။ ဂျပန်အစိုးရဟာ အဲဒီကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်မှာ ဘာပြဿနာမှ မရှိဘူးဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားပါတယ်။
ခေါင်းဆောင်နှစ်ဦးတို့ဟာ တရုတ်နဲ့ မြောက်ကိုရီးယားပါဝင်တဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ အနီးကပ် ပူးပေါင်းလုပ်ဆောင်မယ်လို့လည်း သဘောတူခဲ့ကြကြောင်း မစ္စတာ Kishida က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေ ပြန်လာနိုင်ရေး အာမခံပေးဖို့ ဂျပန်ရဲ့ ကြိုးပမ်းမှုတွေကို အမေရိကန်က ထောက်ခံသွားမယ်လို့ မစ္စတာ Biden က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။