ဂျပန်ဝန်ကြီးချုပ်အသစ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ ဆို

ဂျပန်ဝန်ကြီးချုပ်အသစ် Kishida Fumio က သူဦးဆောင်တဲ့ အစိုးရက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အမျိုးမျိုးကို မဆိုင်းမတွ ကိုင်တွယ်ဆောင်ရွယ်သွားမယ်လို့ သူ့ရဲ့ သန္နိဋ္ဌာန်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida ဟာ ဝန်ကြီးချုပ်ရာထူးဆက်ခံပြီး နောက်တစ်နေ့ဖြစ်တဲ့ အင်္ဂါနေ့မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်မှုတွေကို စတင်ခဲ့ပါတယ်။ သူဟာ အမေရိကန်သမ္မတ Joe Biden နဲ့ ပထမဆုံးအကြိမ် တယ်လီဖုန်းပြောဆိုခဲ့ပြီး ပထမဦးဆုံး အစိုးရအဖွဲ့အစည်းအဝေးကိုလည်း ကျင်းပခဲ့ပါတယ်။
မစ္စတာ Kishida က သတင်းထောက်တွေကို ပြောဆိုရာမှာ ဘေ့စ်ဘောအားကစားမှာ ပွဲစတင်ဖို့ "play ball" လို့ ပြောလိုက်တဲ့အခါမှာလိုမျိုး စိတ်လှုပ်ရှားမှုကို ခံစားရတယ်လို့ ဆိုပါတယ်။ သူ့အစိုးရအဖွဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက်လုံး အဲဒီစိတ်အားထက်သန်မှုကို ဆက်ထိန်းသွားလိုတယ်လို့ သူက ပြောပါတယ်။
ဝန်ကြီးတွေနဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေကို ဗုဒ္ဓဟူးနေ့နောက်ဆုံးထား ရွေးချယ်သွားမှာဖြစ်ပြီး အဖွဲ့ဝင်တွေအားလုံးဟာ ကိစ္စရပ်အမျိုးမျိုးကို အချိန်နဲ့ တစ်ပြေးညီတည်း တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မစ္စတာ Kishida က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွက် အောက်တိုဘာလ ၁၄ ရက်နေ့မှာ အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့အတွက် စီစဉ်နေတယ်လို့ မစ္စတာ Kishida က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
မစ္စတာ Kishida က လွှတ်တော်မှာ သူပြောမယ့် မူဝါဒဆိုင်ရာ မိန့်ခွန်းနဲ့ အဲဒီနောက်မှာ ပြုလုပ်မယ့် အမေးအဖြေကဏ္ဍတွေမှာ သူ့အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်အပြည့်အစုံကို တင်ပြသွားမှာဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အထွေထွေရွေးကောက်ပွဲမတိုင်ခင် မတူညီတဲ့အချက်တွေကို ပြည်သူလူထု နားလည်နိုင်ဖို့အတွက် အတိုက်အခံပါတီတွေအနေနဲ့ သူ မိန့်ခွန်းပြောပြီးသွားတဲ့နောက်မှာ မေးခွန်းတွေကတစ်ဆင့် သူတို့ရဲ့ အယူအဆတွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ဖို့ဟာလည်း အရေးကြီးတယ်လို့ မစ္စတာ Kishida က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။