ဂျပန်လေကြောင်းလိုင်းတစ်ခုက အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ရှင်နဲ့အတူ လေယာဉ်စီးဖို့ စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်

ဂျပန်လေကြောင်းလိုင်း Star Flyer က အိမ်မွေးတိရစ္ဆာန်တွေကို ပိုင်ရှင်နဲ့အတူ လေယာဉ်စီးခွင့်ပြုဖို့ စီစဉ်နေပါတယ်။

Kitakyushu မြို့အခြေစိုက် အဲဒီလေကြောင်းလိုင်းဟာ ဂျပန်အနောက်ပိုင်းမှာရှိတဲ့ ပင်မလေဆိပ်နဲ့ တိုကျိုက Haneda လေဆိပ်အကြား စမ်းသပ်ပျံသန်းမှုတွေကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဆုံးရှုံးခဲ့ရမှုတွေကို ကာမိစေဖို့ ဝန်ဆောင်မှုအသစ်နဲ့ ခရီးသည်တွေကို ပိုမိုဆွဲဆောင်ဖို့ အဲဒီလေကြောင်းလိုင်းက ကြိုးစားနေပါတယ်။
Star Flyer ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Nakayama Keisuke နဲ့ သူ့ရဲ့ အိမ်မွေးတိရိစ္ဆာန်ခွေးလေးတို့ဟာ အဲဒီစမ်းသပ်ပျံသန်းမှု အတွက် စာရင်းအတူတကွ သွင်းခဲ့ကြပါတယ်။
တိရစ္ဆာန်တွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတဲ့လှောင်အိမ်ကို လေယာဉ်နောက်ပိုင်း ထိုင်ခုံတန်းက ပိုင်ရှင်ရဲ့ဘေးထိုင်ခုံမှာ ခါးပတ်နဲ့အတူ ထားရှိပါတယ်။
ဒီခရီးဟာ သူ့အတွက် အတွေ့အကြုံသစ်တစ်ခုလို့ Nakayama က ပြောခဲ့ပါတယ်။ ပြဿနာမရှိဘူး၊ ပျော်ရွှင်ခဲ့ရတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ခွေးတစ်ကောင် ပါလာတာကို ဘယ်ခရီးသည်မှ စိတ်အနှောက်အယှက်မဖြစ်ခဲ့ဘူးလို့ Star Flyer က ပြောပါတယ်။
အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်တွေဆီက ဝယ်လိုအားများမယ်လို့ မျှော်လင့်ထားတဲ့အတွက် စမ်းသပ်မှုတွေ ပိုမိုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ အဲဒီကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
လေယာဉ်လက်မှတ်စျေးနှုန်းနဲ့ သတ်မှတ်ချက်တွေကို လေ့လာပြီး လာမယ့်နှစ်မှာ ဝန်ဆောင်မှုအပြည့်အဝ စတင်ပေးနိုင်ဖို့ အဲဒီလေကြောင်းလိုင်းက မျှော်လင့်ထားပါတယ်။