ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှုန်း ရည်မှန်းချက်ရဲ့ ၃၈ ရာခိုင်နှုန်းသာရှိ

၂၀၂၁ ဘဏ္ဍာရေးနှစ်အကုန် မတ်လ မှာ ဂျပန်အမျိုးသားဦးရေ ၁.၉ သန်း အတွက် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းချက်ရောက်ဖို့ ခက်ခဲနေပုံရတယ်လို့ ဂျပန့်ကျန်းမာရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဇူလိုင်လကုန်အထိ ရည်မှန်းထားတဲ့လူဦးရေရဲ့ ၃၈ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေးထိုးပြီးကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း ဆေးရုံသွားတာကို ရှောင်ကြဉ်နေတာမျိုး ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဂျိုက်သိုး ဒါမှမဟုတ် ဂျာမန်ဝက်သက်ရောဂါဟာ အဖျားတက်တာ ၊ အရေပြားပေါ်မှာ အဖုအပိန့်ထွက်တာနဲ့ တခြားလက္ခဏာတွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ရောဂါကူးစက်ခံရရင် မွေးလာတဲ့ကလေးငယ်တွေမှာ ပြင်းထန်တဲ့ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၁၈ ကနေ၂၀၁၉ ခုနှစ်ကာလအတွင်း ဂျိုက်သိုးရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၉၆၂ ခုနှစ်၊ ဧပြီလ ၂ ရက်ကနေ ၁၉၇၉ ခုနှစ်၊ ဧပြီလ ၁ ရက်အကြား မွေးဖွားတဲ့အမျိုးသားတွေအတွက် ရည်ရွယ်တဲ့ ကာကွယ်ဆေးထိုးစီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနက စတင်ခဲ့ပါတယ်။
အဲဒီကာလအတွင်းမွေးဖွားခဲ့တဲ့ အမျိုးသား ၁၅ သန်းလောက်ဟာ ကလေးဘဝတုန်းက အစိုးရအစီအစဉ်နဲ့ ဂျိုက်သိုးကာကွယ်ဆေးထိုးဖို့ အခွင့်အရေး မရခဲ့ကြပါဘူး။
ဝန်ကြီးဌာနရဲ့ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဇွန်လမှာ စတင်ခဲ့ပါတယ်။ ပဋိပစ္စည်း အခမဲ့စစ်ဆေးနိုင်အောင် လက်မှတ်တွေထုတ်ပေးခဲ့ပြီး ပဋိပစ္စည်းမတွေ့ရတဲ့သူတွေ အနေနဲ့ ကာကွယ်ဆေး အခမဲ့ထိုးနိုင်ပါတယ်။