Tsuruga နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ အချက်အလက် ယုံကြည်စိတ်ချရမှုကို စစ်ဆေး

ဂျပန်နိုင်ငံအလယ်ပိုင်း Fukui ခရိုင်မှာရှိတဲ့ Tsuruga နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲနေတဲ့ကုမ္ပဏီရဲ့ တိုကျိုရုံးချုပ်ကို ဂျပန်နျူကလီးယား ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ NRA က စတင် စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။

တနင်္လာနေ့မနက်မှာ ဂျပန်အဏုမြူစွမ်းအင် ကုမ္ပဏီရုံးချုပ်ကို NRA အတွင်းရေးမှူးရုံးက တာဝန်ရှိသူတွေ ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ အဲဒီကုမ္ပဏီကို NRA ရဲ့ ၇ ကြိမ်မြောက် စစ်ဆေးမှု ဖြစ်ပါတယ်။
အဲဒီစက်ရုံရဲ့ နံပါတ် (၂) ဓာတ်ပေါင်းဖို ပြန်လည်ပတ်ခွင့်ပြုရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ထားဖို့ NRA က သြဂုတ်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုအောက်က မြေလွှာပြတ်ရွေ့ကြောင်းတစ်ခုနဲ့ ပတ်သက်တဲ့ အချက်အလက်အစီရင်ခံစာတစ်စိတ်တစ်ပိုင်းကို ကုမ္ပဏီကဖျောက်ဖျက်ခဲ့ပြီး နောက်ဆုံး သုတေသနပြုမှုရဲ့ရလဒ်တွေကိုသာ ချန်ထားခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် NRA က အဲဒီလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အရင် အချက်အလက်ဟောင်းတွေနဲ့ နောက်ဆုံးရလဒ်တွေကို နှိုင်းယှဉ်ကြည့်လို့မရ ဖြစ်သွားတယ်လို့ဆိုပြီး NRA က ကုမ္ပဏီရဲ့ အချက်အလက်တွေ ကိုင်တွယ်ပုံဟာ မသင့်လျော်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
နှစ်ရက်တာ စုံစမ်းစစ်ဆေးမှုတွေအတွင်း အရာရှိတွေဟာ အချက်အလက်တွေကို ရရှိတဲ့နည်းလမ်းနဲ့ သင့်တင့်မှုကို ဆုံးဖြတ်တဲ့လုပ်ငန်းစဉ်တွေအပါအဝင် အချက်အလက်တွေရဲ့ ယုံကြည်စိတ်ချရမှု သေချာအောင် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဝန်ထမ်းတွေကို မေးမြန်းဖို့ စီစဉ်ထားပါတယ်။