တောင်နှင့်မြောက်ကိုရီးယားတို့ အရေးပေါ်တယ်လီဖုန်းလိုင်း ပြန်ဆက်

တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားနဲ့ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဆက်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

နှစ်နိုင်ငံအရေးပေါ်ဆက်သွယ်ရေးလိုင်းတွေဟာ သြဂုတ်လကတည်းက ပြတ်တောက်နေခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက အဲဒီလမ်းကြောင်းတွေဟာ တနင်္လာနေ့မနက် ၉ နာရီအချိန်မှာ ပြန်လည်အသက်ဝင်လာခဲ့ပြီလို့ ပြောပါတယ်။ ဒါဟာ ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းစေရေး အခြေခံကိုတည်ဆောက်တဲ့ခြေလှမ်းဖြစ်တယ်ဆိုပြီး ကြိုဆိုခဲ့ပါတယ်။
ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက တွေ့ဆုံဆွေးနွေးမှုကို အမြန်ပြန်စဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးကို ခိုင်မာစေဖို့ကြိုတင်ဆွေးနွေးမှုတွေလုပ်ကြဖို့ မြောက်ကိုရီးယားအစိုးရကို တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
အဲဒီဆက်သွယ်ရေးလမ်းကြောင်းတွေဟာ ၁ နှစ်နဲ့ ၁ လကြာ ကာလအတွင်းပထမဦးဆုံးအနေနဲ့ ဇူလိုင်လအတွင်း ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းနှစ်ပတ်အကြာမှာ မြောက်ကိုရီးယားဘက်က ဖြတ်တောက်ခဲ့ပြီး အဲဒါဟာ အမေရိကန်- တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပေါ်စိတ်ပျက်ဒေါသထွက်ခဲ့တာကြောင့်ဖြစ်ပုံရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် Kin Jong Un က အောက်တိုဘာလအစောပိုင်းမှာ ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ဖို့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရေရှည်တည်တံ့စေဖို့ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို လက်တွေ့ဖြစ်လာစေဖို့ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကလည်း ကိုရီးယားနှစ်နိုင်ငံအကြားဆက်ဆံရေး ပုံမှန်ဖြစ်လာတဲ့လမ်းကြောင်းပေါ် ရောက်လာအောင် အပြုသဘောဆောင်တဲ့ကြိုးပမ်းချက်တွေကိုလုပ်ဆောင်ဖို့နဲ့ အနာဂတ်အတွက် တောက်ပတဲ့မျှော်မှန်းချက်တွေပွင့်လာစေဖို့ အရေးပါတဲ့ကိစ္စရပ်တွေကို ဖြေရှင်းဖို့ တောင်ကိုရီးယားအစိုးရကို တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ ဒုံးကျည်တီထွင်ထုတ်လုပ်မှုကို ဆက်ပြီးလုပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြသတဲ့အနေနဲ့ အမျိုးအစားသစ်တွေလို့ယူဆရတဲ့ ဒုံးကျည်တွေကို ပြီးခဲ့တဲ့လက ပစ်လွှတ်ခဲ့ပြီးတဲ့နောက် အရေးပေါ်ဆက်သွယ်ရေးလိုင်းတွေ အခုလို ပြန်ပွင့်လာခဲ့တာပါ။