ထိုင်ဝမ်အပေါ် ဖိအားပေးတာရပ်တန့်ရန် အမေရိကန်က တရုတ်ကိုတိုက်တွန်း

ထိုင်ဝမ်အပေါ် စစ်ရေးအရဖိအားပေးတာရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။

ဒါဟာ လတ်တလောကာလအတွင်း ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံအတွင်း တရုတ်စစ်လေယာဉ်တွေ အလုံးအရင်းနဲ့ဝင်ရောက်ခဲ့တာကို တုံ့ပြန်တာဖြစ်ပုံရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က တနင်္ဂနွေနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ Price က မတည်ငြိမ်မှု၊ မှားယွင်းတဲ့တွက်ချက်တာ ဖြစ်နိုင်မှုနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိပါးစေတဲ့ ရန်လိုတဲ့စစ်ရေးလှုပ်ရှားမှုတွေကို တရုတ်က ထိုင်ဝမ်အနီးမှာ ပြုလုပ်ခဲ့တာဟာ အင်မတန်မှစိုးရိမ်တယ်လို့ ဆိုထားပါတယ်။
ထိုင်ဝမ်အပေါ် စစ်ရေး ၊ သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးတာနဲ့ အတင်းအကျပ်ပြုတာတွေကို ရပ်တန့်ဖို့ တရုတ်အစိုးရကို ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့စွမ်းရည် ပြည့်ဝမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ မစ္စတာ Price က ကတိပြုပြောဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်တောင့်တင်းခိုင်မာစေဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားတယ်နဲ့ ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်ဒေသနဲ့ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းဖို့ လုပ်ဆောင်သွားမယ်လို့လည်း မစ္စတာ Price က ထပ်လောင်းပြောဆိုထားပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက တရုတ်စစ်လေယာဉ် ၃၉ စင်းဟာ စနေနေ့က ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုံအတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာ ၂ ရက်ဆက်တိုက် စံချိန်တင်တဲ့အရေအတွက် ဖြစ်ပါတယ်။
သမ္မတ Joe Biden ရဲ့ အမေရိကန်အစိုးရဟာ ထိုင်ဝမ်နဲ့ ဆက်ဆံရေးနက်ရှိုင်းစေဖို့ လုပ်ဆောင်နေပါတယ်။ အခုကြေညာချက်ဟာ တရုတ်အစိုးရအပေါ် အမေရိကန်အစိုးရက မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ ကြိုးစားပုံရပါတယ်။