Kishida Fumio ဂျပန်ရဲ့ ၁၀၀ ယောက်မြောက် ဝန်ကြီးချုပ် ဖြစ်လာ

Kishida Fumio ဟာ ဂျပန်ရဲ့ခေါင်းဆောင်သစ်ဖြစ်လာပါပြီ။ သူဟာ ဂျပန်ရဲ့နိုင်ငံရေးသမိုင်းမှာ ၁၀၀ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်ပါတယ်။

ဂျပန်လွှတ်တော် ၂ ရပ်က အမတ်တွေဟာ အဓိကအာဏာရ Liberal Democratic Party (LDP) ခေါင်းဆောင်သစ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ကြပါတယ်။
မစ္စတာ Kishida ဟာ အောက်လွှတ်တော်မှာ ၃၁၁ မဲ ရခဲ့ပါတယ်။ အများစုမဲအရေအတွက်ထက် ၈၀ ကျော် ပိုရခဲ့တာပါ။ အထက်လွှတ်တော်မှာ ၁၄၁ မဲရခဲ့ပြီး အများစုမဲအရေအတွက်ထက် ၂၀ ကျော် ပိုရခဲ့ပါတယ်။
အသက် ၆၄ နှစ်အရွယ် မစ္စတာ Kishida ဟာ LDP ခေါင်းဆောင်အဖြစ် ပြန်အရွေးခံဖို့ ဝင်မပြိုင်ခဲ့တဲ့ Suga Yoshihide ရဲ့ နေရာကို ဆက်ခံမှာဖြစ်ပါတယ်။
မစ္စတာ Kishida ဟာ ဂျပန်ရဲ့ထိပ်တန်းသံတမန်အဖြစ် လူသိများခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၄ နှစ်ကျော် ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း မစ္စတာ Kishida ဟာ အိမ်နီးချင်းနိုင်ငံများနဲ့ရော မဟာမိတ်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးတိုးတက်လာစေအောင် လုပ်ကိုင်ခဲ့ပါတယ်။ အထူးသဖြင့် တာဝန်ထမ်းဆောင်ဆဲအမေရိကန်သမ္မတတစ်ဦး ဟီရိုရှိမာ့ ကို ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့အောင် စီစဉ်နိုင်ခဲ့ပါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ်သစ် Matsuno Hirokazu က ဝန်ကြီးအဖွဲ့ဝင်တွေရဲ့အမည်ကို ကြေညာခဲ့ပါတယ်။
Motegi Toshimitsu နဲ့ Kishi Nobuo တို့ဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးရာထူးကို ဆက်လက်ရရှိပါတယ်။
Suzuki Shunichi က ဘဏ္ဍာရေးဝန်ကြီးပါ။ Hagiuda Koichi ကတော့ စီးပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဝန်ကြီးပါ။
မစ္စတာ Kishida ဟာ ဝန်ကြီးရာထူးနေရာသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Kobayashi Takayuki ကို အဲဒီအသစ်ဖန်တီးခဲ့တဲ့ စီးပွားရေးလုံခြုံမှုဆိုင်ရာတာဝန်ခံ ဝန်ကြီး ဖြစ်လာပါတယ်။