Atami မြို့မှာ မြေပြိုမှုတွေဖြစ်ခဲ့တာ ၃ လ ပြည့်

လူတွေသေဆုံးခဲ့တဲ့ မြေပြိုမှုဘေးအန္တရာယ် ဖြစ်ပွားခဲ့တာ ၃ လ တင်းတင်းပြည့်ခဲ့တဲ့ ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇုအိုကာ ခရိုင် Atami မြို့ မှာ မြေပြိုမှုကြောင့် အသက်ဆုံးခဲ့သူတွေအတွက် အောက်မေ့ဆုတောင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က အဲဒီမြို့ရဲ့ Izusan အရပ်မှာ ကြီးမားတဲ့ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး လူ ၂၆ဦးသေဆုံးခဲ့ကာ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ပြောကြားချက်အရ မြေပြိုမှုကြောင့် ပြိုကျသွားတဲ့ အိမ် ၅၃ လုံးနဲ့ အကြီးအကျယ်ပျက်စီးခဲ့တဲ့ အိမ် ၁၁ လုံး အပါအဝင် အိမ်ပေါင်း ၁၃၂ လုံး ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ဘေးသင့်ခဲ့သူ အယောက် ၃၀ လောက် ပါဝင်တဲ့ အုပ်စုတစ်စုဟာ အခင်းဖြစ်တဲ့နေရာမှာ တနင်္ဂနွေနေ့က စုဝေးပြီး ငြိမ်သက်ဆုတောင်းခဲ့ပါတယ်။
လူပေါင်း ၅၈၀ လောက်ဟာ မြို့အုပ်ချုပ်ရေးဌာနက စီစဉ်ပေးတဲ့ ဟိုတယ်တွေမှာ ခိုလှုံနေထိုင်ခဲ့ရပါတယ်။ သူတို့ အများစုဟာ နေအိမ်ကိုပြန်သွားကြပြီ ဒါမှမဟုတ် ယာယီအိမ်ယာတွေဆီ ပြောင်းရွှေ့သွားကြပြီလို့ အရာရှိတွေကဆိုပါတယ်။
ဒါပေမဲ့လည်း လူတစ်ချို့ဟာ သူတို့နှစ်ပေါင်းများစွာနေထိုင်ခဲ့တဲ့ နေရာတွေကနေ အဝေးမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေ အထီးကျန်မဖြစ်စေရေးနဲ့ ဘေးသင့်ခဲ့သူတွေရဲ့ ဘဝပြန်လည်ဆောက်တည်ရေးတွေကို ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ စိန်ခေါ်မှုတွေ ဆက်ရှိနေပါသေးတယ်။