တရုတ်စစ်လေယာဉ် ၃၉ စင်း ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးကန့်သတ်ဇုန်ထဲ ဝင်ရောက်ခဲ့

ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးကန့်သတ်ဇုန်အတွင်းကို စနေနေ့က တရုတ်စစ်လေယာဉ် ၃၉ စင်း ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်က ပြောပါတယ်။

ဒါဟာ တစ်ရက်ထဲမှာ တရုတ်လေယာဉ်ဝင်ရောက်မှု အများဆုံးစံချိန် ဖြစ်ပါတယ်။
အဲဒီလေယာဉ်တွေဟာ ဇုန်ထဲကို ၂ သုတ်ခွဲပြီး ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ပထမအသုတ်မှာ တိုက်လေယာဉ် ၁၈ စင်း နဲ့ ရေငုတ်သင်္ဘောဖျက်လေယာဉ် ၂ စင်း ပါဝင်ခဲ့ပါတယ်။ အဲဒီလေယာဉ်အုပ်စုဟာ နေ့ဘက်အချိန်မှာ ထိုင်ဝမ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ဇုန်ရဲ့ ရေပြင်ပေါ်ကို ဝင်ရောက်ပျံသန်းခဲ့ပါတယ်။
ဒုတိယ အသုတ်ကတော့ ညအချိန်မှာ အဲဒီနေရာကိုပဲ ဝင်ရောက်ခဲ့ပါတယ်။ တိုက်လေယာဉ် ၁၈ စင်းနဲ့ ကင်းထောက်လေယာဉ် တစ်စင်း ပါဝင်တဲ့ အုပ်စုဖြစ်ပါတယ်။
အဲဒီလို တရုတ်စစ်လေယာဉ် ၃၉ စင်း ဝင်ရောက်မှုဟာ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ လက်ရှိ ပုံစံနဲ့ အချက်အလက်တွေကို ထုတ်ပြန်တဲ့ကာလအတွင်း တစ်နေ့တာ အများဆုံးဝင်ရောက်မှု ပမာဏ ဖြစ်ပါတယ်။
ဒါဟာ ၂ ရက်ဆက်တိုက် အများဆုံးစံချိန်တင်တာလည်း ဖြစ်ပါတယ်။ သောကြာနေ့ကလည်း တရုတ်လေယာဉ် ၃၈ စင်း ဝင်ရောက်ခဲ့ပါတယ်။
တရုတ်စစ်တပ်ဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်လာတဲ့အခါမျိုးမှာ တပ်ဖွဲ့တွေကို တစ်သုတ်ပြီးတစ်သုတ် ဖြန့်ချမယ့် စစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေတာဖြစ်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး ထိုင်ဝမ်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။