အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းကိစ္စဆိုင်ရာ မူဝါဒ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဂျပန် အစိုးရအဖွဲ့အတွင်းဝန်ချုပ်ဆို

ဂျပန်နိုင်ငံသားတွေ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ အရေးကိစ္စ ဖြေရှင်းနိုင်ဖို့ အစိုးရသစ်အနေနဲ့ အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Kato Katsunobu က ပြောပါတယ်။

မစ္စတာ Kato ဟာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း အရေးကိစ္စဆိုင်ရာ တာဝန်ခံ ဝန်ကြီးလည်းဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက မြောက်ကိုရီးယားကို ဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ စနေနေ့က အစည်းအဝေးကို မစ္စတာ Kato အွန်လိုင်းကနေ တက်ရောက်ခဲ့ရာမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူ ၅ ဦး၊ ၂၀၀၂ ခုနှစ်မှာ ဂျပန်ကိုပြန်ရောက်လာခဲ့ပေမဲ့၊ အဲဒီနောက်ပိုင်း ဂျပန်အစိုးရဟာ တခြားကျန်တဲ့သူတွေ ပြန်လာနိုင်ရေး အာမခံချက်ရအောင် ဒါမှမဟုတ် ဒီကိစ္စဖြေရှင်းဖို့ လမ်းစပေါ်လာအောင် မဆောင်ရွက်နိုင်ခဲ့ဘူးလို့ သူကပြောပါတယ်။
အစိုးရအဖွဲ့ ပြောင်းလဲတဲ့တိုင်အောင် ဂျပန်အနေနဲ့ တခြားနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသူတွေ အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် အခွင့်အလမ်းမှန်သမျှကို အသုံးချသွားမှာဖြစ်တယ်လို့လည်း မစ္စတာ Kato က ပြောပါတယ်။
လာမယ့် သီတင်းပတ်ထဲမှာ ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ်အနေနဲ့ ဒီအရေးကိစ္စနဲ့ ပတ်သက်တဲ့ လက်ရှိမူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။