အဓမ္မဖမ်းဆီးခြင်းခံရသူတွေ လွတ်မြောက်ရေးအတွက် သူတို့ရဲ့ မိသားစုတွေ တောင်းဆို

လွန်ခဲ့တဲ့ ၄၄ နှစ်က မြောက်ကိုရီးယား သူလျှိုတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ ဂျပန်အမျိုးသမီးတစ်ဦးရဲ့ မိသားစုဟာ တိုကျိုတောင်ပိုင်းက Kawasaki မြို့မှာ စနေနေ့က ပြုလုပ်ခဲ့တဲ့ လူထုအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

မီးစ် Yokota Megumi ဟာ အလယ်တန်းကျောင်း ပထမနှစ် တက်နေတုန်း ကျောင်းကနေ အိမ်အပြန်လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အင်္ဂါနေ့မှာ သူဟာ အသက် ၅၇ နှစ် ပြည့်မှာ ဖြစ်ပါတယ်။
မီးစ် Megumi ရဲ့ မိသားစု နေထိုင်နေတဲ့ Kawasaki မြို့မှာ နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့အချိန်လောက်မှာ အဲဒီလူထုအစည်းအဝေးကို ကျင်းပလာခဲ့ပါတယ်။
မီးစ် Megumi ရဲ့ အသက် ၈၅ နှစ်အရွယ် မိခင် မီးစ် Sakie က နှစ်ပေါင်းများစွာ နည်းလမ်းအမျိုးမျိုးနဲ့ အကူအညီတွေရဖို့ ကြိုးစားလာခဲ့ပေမဲ့ အခုအချိန်အထိ သမီးအကြောင်းဘာမှ မသိရသေးဘူးလို့ ပြောပါတယ်။
ဂျပန်အစိုးရက အဓမ္မဖမ်းဆီးခြင်းခံရသူတွေရဲ့ အရေးကိစ္စဟာ နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ရှုမြင်ထားတယ်ဆိုရင် ဝန်ကြီးချုပ်သစ်ဟာ ဒီအရေးကိစ္စကို ဖြေရှင်းဖို့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံသင့်တယ်လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယား သူလျှိုတွေဟာ ၁၉၇၀ နှစ်ပိုင်းတွေနဲ့ ၁၉၈၀ နှစ်ပိုင်းတွေမှာ အနည်းဆုံး ဂျပန်နိုင်ငံသား ၁၇ ဦးကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဂျပန်အစိုးရက ဆိုပါတယ်။ သူတို့ထဲက ၅ ဦးဟာ ၂၀၀၂ ခုနှစ်က နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲပြီးတဲ့နောက် ဂျပန်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ မီးစ် Yokota Megumi အပါအဝင် ကျန်သူတွေကတော့ သတင်းမရဘဲ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။