အရေးပေါ်အခြေအနေ အဆုံးသတ်ပြီးနောက် တိုကျိုမြို့ရဲ့ Asakusa အရပ်မှာ ဧည့်သည်တွေနဲ့ စည်ကားနေ

ဂျပန်ရဲ့ နေရာအများစုမှာ ထုတ်ပြန်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက် အဆုံးသတ်ခဲ့ပြီးနောက် ပထမဦးဆုံး တနင်္ဂနွေနေ့မှာ တိုကျိုမြို့က သမိုင်းဝင် Asakusa ဧရိယာမှာ မိသားစုတွေ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေပါတယ်။

ဧည့်သည်တွေဟာ ဓာတ်ပုံတွေကို ရိုက်ကြ၊ လန်ချားစီးကြ၊ တိုကျိုရဲ့ ထင်ရှားတဲ့ Sensoji ဘုရားကျောင်းကို ဦးတည်နေတဲ့ Nakamise ဈေးဆိုင်တန်းတလျောက် လမ်းလျှောက်ကြနဲ့ အပန်းဖြေနေကြပါတယ်။
စနေနေ့တုန်းက လာခဲ့တဲ့ ဧည့်သည်အရေအတွက်ဟာ အရင်သီတင်းပတ်ကထက် ပိုပြီးများခဲ့တယ်လို့ ဒီ ဘုရားကျောင်းရဲ့ Kaminarimon ဂိတ်တံခါးပတ်ဝန်းကျင်က ဈေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ တချို့ဆိုင်တွေက လက်ဆောင်ပစ္စည်းတွေကို ဈေးလျှော့ရောင်းခဲ့ကြပါတယ်။
တိုကျိုမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ချိဘ ခရိုင်က အသက် ၃၀ တန်း အမျိုးသမီးတစ်ဦးဟာ ရင်သွေးနဲ့အတူ ဒီနေရာကို လာခဲ့ပါတယ်။ ရထားမစီးတာ အတော်ကြာခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ ရင်သွေးအတွက် စိတ်အပြောင်းအလဲဖြစ်စေမယ့် အခွင့်ကောင်းတစ်ခုပဲလို့ သူက ဆိုပါတယ်။
ဂျပန်ပင်လယ်ကမ်းခြေမှာရှိတဲ့ နိအိဂါ့တာ ခရိုင်ကလာတဲ့ စုံတွဲက သူငယ်ချင်းရဲ့ မင်္ဂလာပွဲကို တက်ဖို့ တိုကျိုကို လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နှစ်အတွင်းမှာ သူတို့အတွက် ပထမဦးဆုံး တိုကျိုခရီးစဉ်ဖြစ်တာကြောင့် ပျော်ရွှင်နေတယ်လို့ သူတို့က ပြောပါတယ်။