AstraZeneca ကာကွယ်ဆေး ပထမအကြိမ် အထိုးခံပြီးနောက် လူ ၃ ယောက်မှာ ၂ ယောက်ဟာ မအီမသာဖြစ်မှုကိုခံစားရ

AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမအကြိမ် အထိုးခံပြီးနောက် လူ ၃ ယောက်မှာ ၂ယောက်ဟာ ကိုယ်လက်မအီမသာဖြစ်တာကို ခံစားရကြောင်း ဂျပန်သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ဩဂုတ်လကစပြီး ဂျပန်တစ်ဝန်းက ကျန်းမာရေးဌာန ၈ ခုမှာ အဲဒီကာကွယ်ဆေးထိုးမှု ပထမအကြိမ် ခံယူခဲ့သူ ၁၇၉ ဦးရဲ့ လက္ခဏာတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က လေ့လာခဲ့ပါတယ်။
အဲဒီသူတွေထဲက ၆၆ ရာခိုင်နှုန်းဟာ ကိုယ်လက်မအီမသာဖြစ်တာ ခံစားခဲ့ကြရပြီး ၅၁ ရာခိုင်နှုန်းက ခေါင်းကိုက်တာ၊ ၄၇ ရာခိုင်နှုန်းက ၃၇.၅ ဒီဂရီ စဲလ်ဆီးယပ်စ်နဲ့ အထက် အဖျားတက်တာတွေ ခံစားခဲ့ကြရပါတယ်။
အဲဒီလက္ခဏာတွေဟာ အများအားဖြင့် ဆေးထိုးပြီး ၁ ရက် ဒါမှမဟုတ် ၂ ရက်အကြာမှာ ဖြစ်ပေါ်ခဲ့ပြီး လူငယ်တွေကြားမှာ ပိုပြီး ဖြစ်လေ့ရှိခဲ့ပါတယ်။
ဒါဟာ AstraZeneca ကာကွယ်ဆေးဆိုင်ရာ ဘေးထွက်အကျိုးဆက်တွေနဲ့ ပတ်သက်တဲ့ စစ်တမ်းရလဒ်ကို ဂျပန်အစိုးရက ပထမဦးဆုံး ထုတ်ပြန်ချက်ဖြစ်ပါတယ်။
Juntendo တက္ကသိုလ် ဆေးပညာဌာနက ပါမောက္ခ Ito Suminobu က အဲဒီ သုတေသနအဖွဲ့ကို ဦးဆောင်ပါတယ်။
တခြား ကာကွယ်ဆေး အမျိုးအစားတွေမှာ အများအားဖြင့် ဒုတိယအကြိမ် ထိုးပြီးနောက် လက္ခဏာတွေ ပေါ်ထွက်လေ့ရှိတဲ့အချိန်မှာ AstraZeneca ကာကွယ်ဆေး အထိုးခံခဲ့သူတွေဟာ ပထမအကြိမ်မှာ ပိုပြီး ဘေးထွက်အကျိုးဆက်တွေကို ခံစားရပုံပေါ်ကြောင်း လက်တွေ့စမ်းသပ်မှုတွေရဲ့ အချက်အလက်တွေက ပြသနေတယ်လို့ ပါမောက္ခ Ito က ဆိုပါတယ်။
သူတို့အဖွဲ့ဟာ ဘေးထွက် အကျိုးဆက်တွေကို ဆက်ပြီး လေ့လာသွားမယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဂျပန်မှာ AstraZeneca ကာကွယ်ဆေးကို လူပေါင်း ၂၈,၉၉၇ ဦး အထိုးခံခဲ့ကြပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့ အစီရင်ခံချက်တွေ တစ်ခုမှ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။