အစိုးရသစ် ဖွဲ့စည်းဖို့ ဂျပန့်အဓိက အာဏာရပါတီ ခေါင်းဆောင်သစ် ပြင်ဆင်နေ

ဂျပန့်အဓိက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ (LDP) ခေါင်းဆောင်သစ် Kishida Fumio က အစိုးရသစ်ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ သူဟာ လက်တွေ့အားဖြင့် တနင်္လာနေ့မှာ လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာ ခံရဖို့ သေချာနေပါတယ်။

မစ္စတာ Kishida ဟာ သောကြာနေ့မှာ ဝန်ကြီးချုပ်အသစ်အဖြစ် လွှတ်တော်မှာ ပြောကြားမယ့် မူဝါဒမိန့်ခွန်းရဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် အဖြစ် သူရွေးချယ်ထားတဲ့ မစ္စတာ Matsuno Hirokazu နဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။
လွှတ်တော်အထူးအစည်းအဝေးဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အဆုံးသတ်မယ်လို့ မျှော်လင့်ရပါတယ်။
အောက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်းဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
တကယ်လို့ ဝန်ကြီးချုပ်သစ်က အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့မယ်ဆိုရင် အောက်လွှတ်တော်ဆိုင်ရာ အထွေထွေရွေးကောက်ပွဲကို အဲဒီနေ့ကနေ ရက်ပေါင်း ၄၀ အတွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
လွှတ်တော်နဲ့ သံတမန်ရေး အချိန်ဇယားတွေအရ စဉ်းစားမယ်ဆိုရင် အဲဒီလို ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ ဒါမှမဟုတ် အဲဒီနောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ကျင်းပဖွယ်ရှိတယ်လို့ အာဏာရ ညွန့်ပေါင်းအုပ်စုရဲ့ လွှတ်တော်အမတ်တွေက ခန့်မှန်းနေပါတယ်။