ဒူဘိုင်းမြို့မှာ Expo 2020 ပြပွဲကြီး ဖွင့်လှစ်

ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တစ်နှစ် ရွှေ့ဆိုင်းခဲ့ရပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသရဲ့ ပထမဦးဆုံး ကမ္ဘာ့ကုန်စည်ပြပွဲကြီး ကို ဒူဘိုင်းမြို့မှာ အစိုးရက ဦးဆောင်ကျင်းပနေပါတယ်။

လာမယ့်နှစ် မတ်လ အထိ ပြုလုပ်မယ့် အဲဒီ Expo 2020 ပြပွဲကြီးကို လူ ၂၅ သန်းလောက် လာရောက်ကြည့်ရှုအောင် ဆွဲဆောင်ဖို့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) က ရည်ရွယ်ထားပါတယ်။
အဲဒီ ပြပွဲကြီး တရားဝင် ဖွင့်လှစ်ခဲ့တဲ့ သောကြာနေ့ မနက် ၉ နာရီ တုန်းက လူတွေ အများကြီး ဂိတ်ပေါက်တွေကို ဖြတ်သွားကြတာကို တွေ့ရပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေ သတ်မှတ် လုပ်ဆောင်ပေးထားပါတယ်။ အသက် ၁၈ နှစ်နဲ့အထက် လာရောက်ကြည့်ရှုသူတွေဟာ PCR ရောဂါရှာဖွေစစ်ဆေးမှုမှာ ရောဂါမရှိဖို့ ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြဖို့ လိုအပ်ပါတယ်။
ပြင်သစ်ကနေ လာရောက်ကြည့်ရှုသူတစ်ဦးက သူ အားလပ်ရက်ရှည်ရထားလို့ ဒီ Expo ပြပွဲကြီးကို လာကြည့်နိုင်တာလို့ ပြောခဲ့ပါတယ်။ ကိုဗစ်ရောဂါမကူးစက်အောင် ဆောင်ရွက်ထားတာတွေကြောင့် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး ခံစားရတယ်လို့လည်း သူက ဆိုပါတယ်။
Sheikh Nahyan bin Mubarak Al Nahyan က Expo ပြပွဲကျင်းပရေးကော်မရှင်ရဲ့ အထွေထွေ အကြီးအကဲ ဖြစ်ပါတယ်။ သူက ကြာသာပတေးနေ့က နှုတ်ဆက်စကားပြောကြားရာမှာ UAE နိုင်ငံထူထောင်တဲ့ ရွှေရတု နှစ်ပတ်လည် အခါသမယမှာ နိုင်ငံအတွက် ဒီပြပွဲကြီးက အခန်းကဏ္ဍအသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။