မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ သဘောထား ကွဲလွဲ

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှာ တရုတ်နဲ့ရုရှားရဲ့ ကန့်ကွက်မှုကြောင့် အစည်းအဝေးပြီးတဲ့နောက် ကြေညာချက် မထုတ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံ့မြောက်ပိုင်းဒေသကနေ အရှေ့ဘက်ကို ဦးတည်တဲ့ ဒုံးကျည်တစ်စင်းကို အင်္ဂါနေ့က ပစ်လွှတ်ခဲ့ပါတယ်။ ဒါဟာ အသစ်တီထွင်ထားတဲ့ အသံထက်မြန်တဲ့ Hwasong-8 ဒုံးကျည်တစ်စင်းကို ပထမဦးဆုံးအဖြစ် စမ်းသပ် ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ပြောခဲ့ပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ သောကြာနေ့က တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကုလသမဂ္ဂဆိုင်ရာ ကင်ညာ သံအမတ် Martin Kimani က ဒီအစည်းအဝေးနဲ့ ပတ်သက်တဲ့ ကြေညာချက်ထွက်လာမှာမဟုတ်ကြောင်း သတင်းထောက်တွေ ကို ပြောခဲ့ပါတယ်။ အစည်းအဝေးမှာ သံတမန်တွေဟာ သူတို့တွေရဲ့ အမြင်တွေကို ပြောခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
ပဲ့ထိန်းဒုံးကျည်နည်းပညာကို အသုံးပြုထားတဲ့ ဒီပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အဖွဲ့ဝင်တွေက ပြောပြီး စိုးရိမ်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ဖို့ တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
တရုတ်နဲ့ ရုရှားကတော့ ဒီတောင်းဆိုမှုကို ကန့်ကွက်ခဲ့တယ်လို့ သတင်းရရှိထားပါတယ်။