အတိုက်အခံပါတီရဲ့ ခေါင်းဆောင် က LDP ပါတီဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ကြောင်း ဆို

ဂျပန့် အဓိက အာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ အမှုဆောင်အဖွဲ့အသစ် ဖွဲ့စည်းပုံအရ LDP ပါတီဟာ အပြောင်းအလဲ ပြုလုပ်နိုင်စွမ်း မရှိသေးဘူးဆိုတာကို သက်သေပြနေတယ်လို့ အဓိကအတိုက်အခံပါတီရဲ့ ခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။

ဂျပန့် အတိုက်အခံ Constitutional Democratic Party (CDP) ဥက္ကဋ္ဌ မစ္စတာ Edano Yukio က သောကြာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အဲဒီလို ပြောခဲ့တာ ဖြစ်ပါတယ်။ ရာထူးခန့်အပ်ပုံတွေအရ LDP ပါတီဟာ အပြောင်းအလဲ လုပ်သွားမှာမဟုတ်သလို အပြောင်းအလဲ လုပ်နိုင်မှာလည်း မဟုတ်ကြောင်း ပြသနေတယ်လို့ သူက ပြောခဲ့ပါတယ်။
လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်ဖြစ်လာမယ့် LDP ပါတီရဲ့ ဥက္ကဋ္ဌအသစ် မစ္စတာ Kishida Fumio ဟာ သောကြာနေ့က ပါတီရဲ့ အမှုဆောင်အဖွဲ့သစ် ကို ကြေညာခဲ့ပါတယ်။
အမှုဆောင်သစ်ခန့်အပ်မှုတွေမှာ အရင်ဝန်ကြီးချုပ် Abe Shinzo နဲ့ အပေါင်းအပါတွေလို အဓိက LDP ပါတီဝင်တွေအတွက် အကျိုးအမြတ်ရှိတဲ့သူတွေကို ဦးစားပေးခန့်အပ်ထားတယ်လို့ အတိုက်အခံပါတီတွေက ပြောပါတယ်။
မစ္စတာ Edano ဟာ လာမယ့် အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် သူ့ပါတီရဲ့စွမ်းအင်ဆိုင်ရာ မူဝါဒအသစ်ကိုလည်း ကြေညာခဲ့ပါတယ်။ ၂၀၅၀ ပြည့်နှစ်နောက်ဆုံးထားပြီး ဂျပန်မှာ ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင်ကို အပြည့်အဝ အသုံးပြုသွားသင့်တယ်လို့ အဲဒီမူဝါဒမှာ ဖော်ပြထားပါတယ်။