ဗီယက်နမ် နဲ့ ထိုင်းမှာ COVID ဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှု တွေ ဖြေလျှော့

ဗီယက်နမ်နိုင်ငံမှာ တင်းကျပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ခဲ့ပါတယ်။

လနဲ့ချီကြာတဲ့ ဟိုချီမင်းမြို့တော်က ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ပိတ်ဆို့ကန်သတ်မှု (lockdown) ကာလဟာ အောက်တိုဘာလ ၁ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။ ကူးစက်မှုတွေ ဆက်လက်ပြန့်ပွား နေတဲ့အကြားမှာပဲ အဲဒီလို ဖြေလျှော့ခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ကူးစက်ခံရသူအသစ် ၄,၃၀၀ လောက်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။
ဟိုချီမင်းမြို့တော်ကသူတွေဟာ အခုအခါ နေအိမ်ကနေ အပြင်ကိုထွက်နိုင်ကြပြီ ဖြစ်ပါတယ်။ သူတို့တွေ ကာကွယ်ဆေးထိုးထားပြီးပြီဆိုရင် လူမှုရေးဆိုင်ရာ အခမ်းအနားတွေကိုလည်း တက်ရောက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ lockdown တွေကို ဟိုချီမင်းမြို့အပါအဝင် တောင်ပိုင်းက ပြည်နယ်တွေမှာ ဇူလိုင်လကတည်းက ပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်။
ကာလရှည်ကြာ ပိတ်ဆို့ကန်သတ်မှု (lockdown)တွေရဲ့ ဒဏ်ကို ခံစားနေရတဲ့ စီးပွားရေး ပြန်လည်နလန်ထူလာဖို့ အစိုးရက ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်း တချို့ဟာလည်း သောကြာနေ့က လုပ်ငန်းတွေကို ပြန်လည်စတင်ခဲ့ပါတယ်။ ဧပြီလကတည်းက ပိတ်ထားခဲ့ရတဲ့ ဘန်ကောက်မြို့က ရုပ်ရှင်ရုံတွေ နဲ့ အားကစားခန်းမတွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ ရုပ်ရှင်ရုံတွေမှာ လက်ခံနိုင်တဲ့အရေအတွက်ရဲ့ ၅၀ရာခိုင်နှုန်းအထိပဲ ကန့်သတ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ အပြင်မထွက်ရ အမိန့် (curfew) ထုတ်ပြန်ထားချိန်ကို လျှော့ပေးတာနဲ့ လူပိုများများ စုဝေးခွင့်ပြုတာတွေစတဲ့ ကန့်သတ်မှုဖြေလျှော့မှုတွေကို လုပ်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံမှာ တစ်နေ့ကို ကူးစက်ခံရသူ ၁၀,၀၀၀ လောက်ရှိကြောင်း သတင်းထုတ်ပြန် ထားပါတယ်။ ဒါကို ကူးစက်မှု ကျဆင်းလာနေတယ်လို့ မြင်ကြပါတယ်။
ကာကွယ်ဆေးထိုးထားပြီးတဲ့ နိုင်ငံတကာကနေ ထိုင်းကို လာရောက်သူတွေအတွက် သီးခြားခွဲနေထိုင်တဲ့ ကာလကို ၇ ရက်အထိ လျှော့ချခဲ့ပါတယ်။ နိုင်ငံတကာက လာရောက်တဲ့ ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအတွက် ဘန်ကောက်အပါအဝင် ပြည်နယ်အများအပြားကို နိုဝင်ဘာလမှာ အစောဆုံး ပြန်ဖွင့်ပေးဖို့ အစိုးရက ရည်မှန်းထားပါတယ်။