ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းသားကျောင်းသူတွေ COVID ကာကွယ်ဆေးထိုးထားကြဖို့ စည်းမျဉ်း ပြဋ္ဌာန်း

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းက ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းပြန်တက်ဖို့အတွက် သူတို့တွေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားရမယ်ဆိုတဲ့ စည်းမျဉ်း ပြဋ္ဌာန်းဖို့ စီစဉ်နေပါတယ်။

ကလေးတွေအတွက် COVID-19 ကာကွယ်ဆေးတွေကို အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က အပြည့်အဝ အတည်ပြုပြီးတဲ့နောက် ကာကွယ်ဆေးထိုးထားရမယ့် လိုအပ်ချက်တွေကို အဆင့်ဆင့် ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က သောကြာနေ့က ပြောခဲ့ပါတယ်။
အသက် ၁၆ နှစ်နဲ့အထက်သူတွေအတွက် ကာကွယ်ဆေးတွေကို FDA က အပြည့်အဝအတည်ပြုထားပြီး အဲဒီကာကွယ်ဆေးတွေကို အသက် ၁၂ နှစ် နဲ့ ၁၅ နှစ်ကြားသူတွေကို အရေးပေါ်အခြေအနေမှာ ထိုးပေးဖို့ ခွင့်ပြုထားပါတယ်။ အသက် ၁၂နှစ်အောက် ကလေးတွေအတွက် ကာကွယ်ဆေးတွေဟာ စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။
ကာကွယ်ဆေးထိုးထားရမယ်ဆိုတဲ့ စည်းမျဉ်းဟာ အသက် ၁၂ နှစ်နဲ့အထက်သူတွေအတွက် ဇူလိုင်လမှာ အကောင်အထည်ပေါ်ဖို့ရှိပြီး အသက် ၁၂နှစ်အောက် ကျောင်းသူကျောင်းသားတွေ အတွက် နောက်ပိုင်းမှာ ပြဋ္ဌာန်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ကယ်လီဖိုးနီးယားမှာ ဆရာဆရာမတွေနဲ့ ဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားဖို့ ဒါမှမဟုတ် ရောဂါကူးစက်ခံထားရမှု ရှိ၊မရှိ အပတ်စဉ်စစ်ဆေးဖို့ လိုအပ်ပါတယ်။
ကာကွယ်ဆေးထိုးနှုန်းတွေ လျော့နည်းလာတာကြောင့် ပြည်သူတွေကာကွယ်ဆေးထိုးကြဖို့ အမေရိကန်သမ္မတ Joe Biden က အပြင်းအထန် တိုက်တွန်းနေပါတယ်။
ကယ်လီဖိုးနီးယားရဲ့ အခုလိုဆောင်ရွက်ချက်ဟာ တခြားပြည်နယ်တွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း သက်ရောက်မှုရှိမယ်လို့ မျှော်လင့်ရပါတယ်။