ဂျပန်မှာ ခရိုင်တွေရဲ့ ကျန်းမာရေးစနစ်တွေကို သုံးသပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်များလာနိုင်တာ ကြောင့် အဲဒီမတိုင်မီ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ထားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားထားပါတယ်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာသုံးသပ်မှုတွေကို နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး ပြုလုပ်ထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့က တောင်းဆိုခဲ့ပါတယ်။ ပဉ္စမလှိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ ကူးစက်ပြန့်ပွားမှု အခြေအနေတစ်ခု အသွင်ပုံဖော်ပြီး ပြင်ဆင်ထားကြဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။
ဂျပန်နိုင်ငံမှာ ပဉ္စမလှိုင်းအတွင်း ကူးစက်ခံရကြောင်း အတည်ပြုထားသူ အရေအတွက်ဟာ ကြိုတင်ခန့်မှန်း ထားတာထက် ၃ ဆ ကျော်လွန်ခဲ့ပါတယ်။ အဓိကအားဖြင့် delta မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။
ဆေးရုံခုတင်အရေအတွက် မလုံမလောက်ဖြစ်ခဲ့ပြီး လူနာ ၁၃၀,၀၀၀ ကျော်ကို နေအိမ်မှာ သီးခြားခွဲနေထိုင်ခိုင်းရတဲ့ အခြေအနေအထိ တစ်ခါ ဖြစ်ခဲ့ပါတယ်။
အခုနောက်ဆုံးအသိပေးချက်ထဲမှာ ကျန်းမာရေးဝန်ကြီးဌာနက ခရိုင်တွေအနေနဲ့ ဆေးရုံခုတင်အလုံအလောက်ရှိအောင် ပြင်ဆင်ထားဖို့တိုက်တွန်းထားပြီး ဘယ်လိုလူနာမျိုးတွေဟာ ဆေးရုံတက်ခွင့်မရနိုင်ဘူးလဲဆိုတာကို ဆေးရုံတွေအနေနဲ့ ရှင်းပြထားဖို့ တောင်းဆိုထားပါတယ်။ တချို့ဆေးရုံတွေမှာ ဆေးရုံခုတင်တွေရှိနေတာတောင် လူနာတွေကို ဆေးရုံမှာ လက်ခံဖို့ နှောင့်နှေးမှုတွေရှိနေပါတယ်။
ဆေးရုံတင်ဖို့ စောင့်နေရတဲ့လူနာတွေလိုမျိုး လူနာတွေအတွက် ယာယီကုသမှုပေးတဲ့ စင်တာတွေ ထူထောင်ထားကြဖို့ တာဝန်ရှိသူတွေက ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကို တောင်းဆိုခဲ့ပါတယ်။ အချိန်ပိုင်း သူနာပြုတွေကို ခန့်ထားဖို့နဲ့ သူတို့တွေကို ဆေးရုံဆေးခန်းတွေကို စေလွှတ်ဖို့လည်း တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပါတယ်။
မိမိဘာသာသီးခြားခွဲနေထိုင်နေတဲ့လူနာတွေနဲ့ ပတ်သက်ပြီး အဲဒီလူနာတွေကို အသေးစိတ် သေသေချာချာ စောင့်ကြည့်ဖို့နဲ့ ရုတ်တရတ် ပြောင်းလဲတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို မြန်မြန်ဆန်ဆန် ကုသမှုပေးနိုင်ဖို့ ဝန်ကြီးဌာနက ခရိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်တဲ့ ပဋိပစ္စည်းဆေးတွေကို လူနာတွေရဲ့နေအိမ်တွေမှာ သွင်းပေးနိုင်မယ့် စနစ်တွေ ထူထောင်သွားကြဖို့လည်း သူတို့တွေက တောင်းဆိုခဲ့ပါတယ်။