Expo 2020 Dubai စတင်ကျင်းပ

အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲကို သောကြာနေ့က Dubai မှာ စတင်ခဲ့ပါတယ်။

Expo 2020 Dubai ကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE)ရဲ့ အကြီးမားဆုံးမြို့ရဲ့ ပြင်ပက သဲကန္တာရမှာ ဆောက်လုပ်ထားတဲ့နေရာမှာ မတ်လအထိ ၆ လကြာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြပွဲကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တစ်နှစ် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဂျပန်ရဲ့ ပြခန်းအဆောက်အအုံမှာတော့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု၊ အာနီမဲကာတွန်းနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ အာကာသစတဲ့ နယ်ပယ်တွေက နောက်ဆုံးပေါ် နည်းပညာတွေကို ပြသထားပါတယ်။
အဲဒီအဆာက်အအုံမှာ ဂျပန်မှာ နောက်ကျင်းပမယ့် ကမ္ဘာ့ကုန်စည်ပြပွဲ Expo 2025 Osaka, Kansai နဲ့ပတ်သက်ပြီးတော့လည်း ပြသထားပါတယ်။
နိုင်ငံအများအပြားမှာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေသေးပေမယ့် UAE အစိုးရဟာ လူ ၂၅ သန်းလောက် အဲဒီပြပွဲကို လာရောက်နိုင်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ကနဦး ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်နေပါတယ်။
အဲဒီပြပွဲကို လာရောက်တဲ့ အသက် ၁၈ နှစ်နဲ့အထက်က လူတွေ အားလုံးဟာ ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အထောက်အထား ဒါမှမဟုတ် ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုး မရှိဘူးဆိုတဲ့ PCR စမ်းသပ်မှု ရလဒ်ကို ပြသရပါတယ်။
ဒါပေမဲ့ အဲဒီကမ္ဘာ့ကုန်စည်ပြပွဲအတွင်း အစိုးရဟာ နိုင်ငံခြား ကနေလာရောက်သူတွေအတွက် သီးခြားခွဲနေထိုင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ဖြေလျှော့ဖို့ စီစဉ်နေပါတယ်။ အခုလက်ရှိမှာ နိုင်ငံတကာကနေ လာရောက်သူတွေဟာ ဗိုင်းရပ်စ်ပိုး မရှိဘူး ဆိုတဲ့ရလဒ်ကို ပြသနိုင်ရင် UAE ကို ရောက်သွားတဲ့အခါ သီးခြားခွဲနေထိုင်ဖို့ မလိုပါဘူး။