ပျံသန်းတဲ့ ကားကို Honda တီထွင်နေ

Honda Motor ကုမ္ပဏီဟာ ပျံသန်းတဲ့ ကားကို တီထွင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကုမ္ပဏီရဲ့ စီးပွားဖြစ် ဂျက်လေယာဉ်စီမံကိန်းမှာ ပေါင်းစပ်အသုံးပြုထားတဲ့ နည်းပညာတွေနဲ့ အဲဒီယာဉ်ကို တာဝေးပျံသန်းမှုတွေ အတော်လေး ပြုလုပ်နိုင်အောင် တီထွင်ဖို့ Honda က စီစဉ်နေပါတယ်။
လျှပ်စစ်အားနဲ့ ဒေါင်လိုက်တက်တာနဲ့ ဆင်းသက်တာတွေ လုပ်နိုင်တဲ့ eVTOL ယာဉ်ကို ၂၀၃၀ ပြည့်နှစ် ဒါမှမဟုတ် အဲဒီနောက်ပိုင်းမှာ စတင်အသုံးပြုနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ တီထွင်နေတယ်လို့ Honda က ပြောပါတယ်။ အဲဒီလို ပျံသန်းတဲ့ ကားတွေဟာ ခေတ်သစ်သယ်ယူပို့ဆောင်ရေးယာဉ်တွေအနေနဲ့ အများအာရုံစိုက်မှုကို ရရှိနေပါတယ်။
လက်ရှိမှာ တခြား ပြည်တွင်းနဲ့ ပြည်ပကုမ္ပဏီတွေက တီထွင်နေတဲ့ အလားတူယာဉ်တွေဟာ အကွာအဝေး ကီလိုမီတာ ၁၀၀ လောက် ပျံသန်းနိုင်တယ်လို့ Honda က ပြောပါတယ်။
ဒါပေမဲ့ Honda ရဲ့ eVTOL ယာဉ်တွေကတော့ အကွာအဝေး ကီလိုမီတာ ၄၀၀အထိ ပျံသန်းနိုင်မှာဖြစ်ပြီး မြို့ကြီးတွေအကြား သွားလာနိုင်မှာဖြစ်တယ်လို့ Honda က ပြောပါတယ်။
Honda ဟာ အစောဆုံး ၂၀၂၃ ခုနှစ်မှာ eVTOL ယာဉ်တွေကို အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။