စီးပွားရေးအပေါ်အမြင် တိုးတက်ကောင်းမွန်လာနေကြောင်း Tankan စစ်တမ်းမှာ ပြသ

ဂျပန့်ဗဟိုဘဏ် (BOJ) က လတ်တလော ကောက်ယူထားတဲ့ Tankan စစ်တမ်းအရ ကုန်ထုတ်လုပ်ငန်းကြီးတွေရဲ့ စီးပွားရေး အပေါ်သဘောထားအမြင်ဟာ ၃ လပတ်ကာလ ၅ ကြိမ် ဆက်တိုက် တိုးတက်ကောင်းမွန်ခဲ့ကြောင်းတွေ့ရပါတယ်။

၃လပတ်တစ်ကြိမ်ထုတ်ဝေတဲ့ အဲဒီအစီရင်ခံစာကို ဗဟိုဘဏ်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်ငန်းကြီးတွေရဲ့ စီးပွားရေးအပေါ် သဘောထားအမြင်ဟာ ၄မှတ် တက်လာခဲ့ပြီး အပေါင်း ၁၈ မှတ် ဖြစ်လာခဲ့ပါတယ်။
ဒီသဘောထားဟာ အဓိကအားဖြင့် သံ၊ သံမဏိ နဲ့ ဓာတုပစ္စည်းတွေလိုမျိုး ပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီတွေအကြား တိုးတက်ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။ ရေနံစိမ်းလို ကုန်ကြမ်းတွေ စျေးတက်လာတာကြောင့် သူတို့ ထုတ်ကုန်တွေရဲ့ စျေးနှုန်းတွေ မြှင့်ခဲ့ရပါတယ်။
မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ စီးပွားရေးအပေါ် သဘောထားအမြင်ဟာ အနုတ် ၇ မှတ်အထိ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ပိတ်ဆို့ကန်သတ်မှု (lockdown) တွေ ရှိနေတာကြောင့် semiconductor တွေနဲ့ တခြားအစိတ်အပိုင်းထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့ရတာကြောင့် မော်တော်ကားထုတ်လုပ်မှုတွေကို လျှော့ချခဲ့ရပါတယ်။
ဒါပေမဲ့ စီးပွားရေးအပေါ် သဘောထားအမြင် တိုးတက်မှုနှုန်း နှေးကွေးနေတာကို အရိပ်အမြွက်တွေ့မြင်နေရတာကြောင့် ကုန်ထုတ်လုပ်ငန်းကြီးတွေရဲ့ အညွှန်းကိန်း ပိုမိုဆိုးရွားလာမယ် လို့ မျှော်လင့်ရပါတယ်။ လာမယ့် ၃ လပတ်ကာလအတွက် သဘောထားအမြင်ခန့်မှန်းချက်ဟာ ၄မှတ် ကျဆင်းခဲ့ပြီး အပေါင်း ၁၄ မှတ် ဖြစ်ခဲ့ပါတယ်။
BOJ ဟာ ကုမ္ပဏီပေါင်း ၁၀,၀၀၀ လောက်မှာ ဒီစစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။