COP26 ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် လူငယ်တွေတောင်းဆို

လာမယ့် ကုလသမဂ္ဂရဲ့ COP26 ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကျင်းပခဲ့တဲ့ ညီလာခံတစ်ခုမှာ ကမ္ဘာတစ်ဝန်းက လူငယ်တွေဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီညီလာခံကို ဆွီဒင်နိုင်ငံက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ မီးစ် Greta Thunberg လည်း တက်ရောက်ခဲ့ပါတယ်။
၃ရက်ကြာကျင်းပမယ့် Youth4Climate ညီလာခံကို အီတလီနိုင်ငံ မီလန်မြို့မှာ အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ အဲဒီညီလာခံကို အီတလီ နဲ့ ဗြိတိန် ၂နိုင်ငံက စီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်ဟာ Scotland က Glasgow မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး ကျင်းပဖို့ စီစဉ်ထားတဲ့ COP26 ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
Youth4Climate ညီလာခံကို နိုင်ငံပေါင်း ၁၈၆ နိုင်ငံက လူ ၄၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
အဲဒီညီလာခံမှာ ပြောခဲ့တဲ့ မီးစ် Thunberg ရဲ့ မိန့်ခွန်းမှာ အစိုးရတွေကို ဒီရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြဿနာကို အပြည့်အဝကိုင်တွယ်ဖို့ ပျက်ကွက်နေတဲ့အတွက် အပြစ်တင်ဝေဖန်ထားပါတယ်။
၂၀၅၀ ပြည့်နှစ်မတိုင်မီ အသားတင်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုည ဖြစ်စေရေးလိုမျိုး ရည်မှန်းချက်တွေကို ရည်ညွှန်းပြီး မီးစ် Thunberg က “ခေါင်းဆောင်လို့ပြောတဲ့သူတွေဆီကနေ ဒီရည်မှန်းချက်တွေကို စကားအဖြစ်ကြားနေရပါတယ်။ စကားလုံးတွေဟာ ကြားရတာကောင်းပေမယ့် လုပ်ဆောင်ချက်တွေကတော့ အခုထိ ရှိမလာသေးပါဘူး”လို့ ပြောခဲ့ပါတယ်။
ဒီညီလာခံမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတချို့ကို လာမယ့် COP26 ထိပ်သီးဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။