မြောက်ကိုရီးယားက လေယာဉ်ပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားသတင်းစာတစ်စောင်က မြောက်ကိုရီးယားနိုင်ငံဟာ အသစ်တီထွင်ထုတ်လုပ်ခဲ့တဲ့ လေယာဉ်ပစ်ဒုံးကျည်တစ်စင်းကို ကြာသပတေးနေ့မှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဏာရ အလုပ်သမားပါတီရဲ့ သတင်းစာ Rodong Sinmun က အဲဒီဒုံးကျည်ရဲ့ လမ်းညွှန်စနစ်ရဲ့မှန်ကန်တိကျမှုကို သက်သေထူဖို့နဲ့ သွားရောက်နိုင်တဲ့အကွာအဝေးပမာဏကို အတည်ပြုနိုင်ဖို့ နိုင်ငံ့ကာကွယ်ရေးသိပ္ပံအကယ်ဒမီက အဲဒီစမ်းသပ်မှုကို ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ခေါင်းဆောင် Kin Jong Un ရဲ့ အနီးကပ်လက်ထောက်တစ်ဦး ဖြစ်တဲ့ ပါတီအကြီးတန်းအရာရှိ Pak Jong Chon က အဲဒီပစ်ခတ်မှုကို ကြည့်ရှုခဲ့တယ်လို့ သတင်းစာမှာ အစီရင်ခံထား ပါတယ်။
အကဲခတ်တွေကတော့ မြောက်ကိုရီးယားအစိုးရဟာ ဒုံးကျည်တီထွင်မှုကို ဆက်လုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာပြသဖို့ အဲဒီစမ်းသပ်မှုကို လုပ်ဆောင်တာဖြစ်ပုံ ရတယ်လို့ ဆိုကြပါတယ်။