ဂျပန့်တော်ဝင်မင်းသမီး လက်ထပ်မည့်အစီအစဉ် ကြေညာ

ဂျပန်နန်းတွင်းအေဂျင်စီက မင်းသမီး Mako နဲ့ သူ့ရဲ့ တက္ကသိုလ်ကျောင်းနေဘက်ဟောင်း Komuro Kei တို့ဟာ အခုလအတွင်း ထိမ်းမြားလက်ထပ်မယ်လို့ ကြေညာလိုက်ပါတယ်။

အိမ်ရှေ့မင်းသား Akishino မိသားစုရဲ့ တာဝန်ခံထိပ်တန်းအရာရှိ Kachi Takaharu က အဲဒီအစီအစဉ်ကို သောကြာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ လက်ထပ်မယ့်စုံတွဲတို့ဟာ အောက်တိုဘာ ၂၆ ရက်မှာ ဒေသန္တရအုပ်ချုပ်ရေးရုံးကို သူတို့ရဲ့ထိမ်းမြားလက်ထပ်မှု မှတ်ပုံတင်စာရင်းလျှောက်လွှာတင်သွင်းမှာဖြစ်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်ဟာ ဂျပန့်ရိုးရာပြက္ခဒိန်အရ ကံအကောင်းဆုံးနေ့လို့ မှတ်ယူထားပါတယ်။
လျှောက်လွှာတင်သွင်းတဲ့နေ့မှာပဲ မင်္ဂလာမောင်နှံဟာ သတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်တယ်လို့ အဲဒီတာဝန်ခံအရာရှိက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ တနင်္လာနေ့မှာ ဂျပန်ကို ပြန်ရောက်လာပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် Komuro ဟာ အခုလောလောဆယ်မှာ တိုကျိုအနီးမှာရှိတဲ့ ယိုကိုဟားမားမြို့က သူ့အိမ်မှာ သီးခြားခွဲနေထိုင်နေပါတယ်။
အဲဒီလိုနေထိုင်ရတာ အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြီးဆုံးသွားရင် Komuro ဟာ ၃ နှစ်တာကာလအတွင်း ပထမဦးဆုံးအနေနဲ့ မင်းသမီး Mako နဲ့ ပြန်တွေ့မယ်လို့ မျှော်လင့်ရပါတယ်။
မင်းသမီး Mako တော်ဝင်မိသားစုထဲကနေ နုတ်ထွက်ပြီး နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ ရပြီးတဲ့နောက် မင်းသမီးနဲ့ Komuro တို့ဟာ သူတို့ရဲ့ဘဝသစ်ကို စတင်ဖို့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာမယ်လို့ မျှော်လင့်ရပါတယ်။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တော်ဝင်မိသားစုဝင်တွေရဲ့ လက်ထပ်ပွဲတွေအတွက် ရိုးရာအခမ်းအနားတွေကို ပြုလုပ်မှာမဟုတ်ဘူးလို့ နန်းတွင်းအေဂျင်စီက ထုတ်ပြန်ပြောဆိုပါတယ်။
အဲဒါအပြင် မင်းသမီး Mako ဟာ အိမ်ထောင်ပြုလိုက်တဲ့ တော်ဝင်မိသားစုဝင် အမျိုးသမီးတွေအတွက် တစ်လုံးတစ်ခဲတည်းပေးတဲ့ မြောက်မြားလှတဲ့ငွေကို လက်ခံဖို့ ငြင်းဆိုခဲ့တယ်လို့ လည်း နန်းတွင်းအေဂျင်စီက ပြောပါတယ်။ မင်းသမီးဟာ သူနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် အပြစ်တင် ဝေဖန်တာရှိတာတွေကြောင့် လက်မခံတာဖြစ်တယ်လို့ နန်းတွင်းအေဂျင်စီက အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။
အပြစ်တင်ဝေဖန်မှုတွေကို အချိန်အကြာကြီး အကြိမ်ကြိမ်ခံခဲ့ ရတဲ့အတွက် မင်းသမီး Mako ဟာ PTSD လို့ခေါ်တဲ့ စိတ်ဂယောင်ချောက်ခြားဝေဒနာ ခံစားရတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း နန်းတွင်းအေဂျင်စီက ထပ်လောင်းပြောဆိုသွားပါတယ်။