နိုင်ငံခြားသားများကာကွယ်ဆေးထိုးနိုင်ရေး ဂျပန်လဝက ကူညီမည်

ဂျပန်လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံဖို့ ကြိုတင်စာရင်းပေးသွင်း ရေး လုပ်ဆောင်လို့မရဖြစ်နေတဲ့ နိုင်ငံခြားသားတွေကို ကာကွယ်ဆေးထိုးပေးမှု အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ကူညီမယ်လို့ NHK က သိရပါတယ်။

ဘာသာစကားအခက်အခဲတွေကြောင့် ကြိုတင်ချိန်းဆို စာရင်းပေးသွင်းမှုလုပ်လို့မရတဲ့ ဒါမှမဟုတ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဆီက ကာကွယ်ဆေးထိုးနိုင်တဲ့ လက်မှတ်မရသေးတဲ့ နိုင်ငံခြားသားတွေရှိနေတာကြောင့် နိုင်ငံခြားသားတွေကို ဆေးထိုးပေးမှုနှုန်းဟာ နှေးကွေးနေတယ် လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။
တိုကျိုမှာရှိတဲ့ နိုင်ငံခြားသားနေထိုင်သူများပံ့ပိုးကူညီရေးစင်တာ ဟာ အောက်တိုဘာလလယ်ကစပြီး တိုကျို အိုစာကာ နဲ့ နာ့ဂိုယာမြို့တွေမှာရှိတဲ့ဆေးရုံတွေမှာ ဆေးထိုးခံရဖို့ ကြိုတင်ချိန်းဆိုစာရင်းပေးသွင်းတာတွေအတွက် ကူညီမှာ ဖြစ်ပါတယ်။ အဲဒီစင်တာဟာ ဘာသာစကား ၁၈ မျိုးနဲ့ ပံ့ပိုးမှာပါ။
နေထိုင်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းမထားတဲ့သူတွေ အတွက် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက အဲဒီသူတွေရဲ့ နေရပ်လိပ်စာကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဆီ အသိပေးမှာဖြစ်ပြီး အဲဒါမှ ကာကွယ်ဆေးထိုးလက်မှတ်တွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဆေးထိုးမခံရသေးတဲ့ နိုင်ငံခြားသားတွေအကြား ကာကွယ်ဆေးထိုးပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးတာနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေလိုအပ်နေတဲ့ အကူအညီတွေကို ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ လဝကအေဂျင်စီအရာရှိတွေက ပြောပါတယ်။