ဂျပန်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေပြီးဆုံး

ဂျပန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေနဲ့ အရေးပေါ်အခြေအနေနီးပါးဆောင်ရွက်ချက်တွေ အဆုံးသတ်သွားပြီဖြစ်ပါတယ်။

ဒီလိုပြီးဆုံးသွားပေမဲ့ ဂျပန်အစိုးရဟာ ဆေးဘက်ဆိုင်ရာစနစ်နဲ့ ကာကွယ်ဆေးထိုးပေးတာတွေကို တွန်းအားပေးလုပ်ဆောင်ရင်း အရက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို အဆင့်ဆင့်လျှော့ပေါ့ဖို့ စီစဉ်ထားပါတယ်။
တိုကျိုနဲ့ အိုစာကာအပါအဝင် ခရိုင် ၁၉ ခုမှာ ကြေညာထားတဲ့ အရေးပေါ်အခြေအနေနဲ့ တခြားခရိုင် ၈ ခုမှာ ကြေညာထားတဲ့ အရေးပေါ်အခြေအနေနီးပါးဆောင်ရွက်ချက်တွေဟာ ကြာသပတေးနေ့မှာ အဆုံးသတ်သွားပြီဖြစ်ပါတယ်။
ဒါဟာ ဂျပန်နိုင်ငံတွင်း ဘယ်ဒေသမှာမှ အရေးပေါ်အခြေအနေနဲ့ အဲဒီအဆင့်နီးပါးအခြေအနေ လုံးဝမရှိတော့တာဟာ ၆ လ လောက်အတွင်း ပထမဦးဆုံးဖြစ်ပါတယ်။
စားသောက်ဆိုင်တွေ၊ ပွဲလမ်းသဘင်တွေနဲ့ တခြား နေ့စဉ် လှုပ်ရှားမှုတွေအတွက် ကူးစက်မှုတိုက်ဖျက်ရေး စည်းကမ်းတွေ ကို အဆင့်လိုက်လျှော့ချဖို့ အစိုးရက စီစဉ်ထားပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ တခြားခရိုင်တွေကို ခရီးသွားတဲ့အခါ ဗိုင်းရပ်စ်စစ်ဆေးခံတာမျိုးလုပ်ဖို့ အစိုးရက တိုက်တွန်းမှာဖြစ်ပါတယ်။ အစိုးရဟာ ကျန်းမာရေးပြုစု စောင့်ရှောက်မှုစနစ်အားကောင်းရေး ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး အဲဒါမှပဲ အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ ကူးစက်မှုလှိုင်း တွေနဲ့ကြုံရတဲ့အခါ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေကို လူနာတွေရရှိမှာဖြစ်ပါတယ်။
အဲဒီလိုစီစဉ်ဆောင်ရွက်မှုတွေဟာ ပြည်သူတွေက ကူးစက်မှု တားဆီးရေးဆောင်ရွက်ချက်တွေကို လုပ်ဆောင်ရင်းနဲ့ ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိရေးအတွက် အထောက်အကူဖြစ် စေလိမ့်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။