ဆူနာမီကြောင့် သေဆုံးခဲ့သူ အမေရိကန်အမျိုးသမီး တက်ခဲ့တဲ့ ကျောင်းမှာ ဂျပန်က ရုပ်တု လှူဒါန်း

၂၀၁၁ ခုနှစ်တုန်းက ဂျပန်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန်အမျိုးသမီးတစ်ဦး တက်ရောက်ခဲ့တဲ့ အမေရိကန်ကကောလိပ်ကျောင်းကို အမေရိကန်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ချယ်ရီပန်းပုံ ပန်းပုရုပ်တုကို လှူဒါန်းခဲ့ပါတယ်။

ဗာဂျီးနီးယား ပြည်နယ်က Taylor Anderson ဟာ Miyagi ခရိုင် Ishinomaki မြို့မှာ လက်ထောက် အင်္ဂလိပ်စာပြ ဆရာမ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လက အဲဒီမြို့ကို ဆူနာမီတွေ ရိုက်ခတ်ခဲ့ချိန်မှာ သူ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ဟာ ဆူနာမီ ဖြစ်ပွားခဲ့တာ ၁၀ နှစ်ပြည့်တာကို အထိမ်းအမှတ်ပြုပြီး ဆူနာမီဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်က ထောက်ပံ့ကူညီတာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြဖို့အတွက် ဒီရုပ်တုကို ထုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မီးစ် Anderson ကို ဂုဏ်ပြုတဲ့အပြင် ဂျပန်နဲ့ အမေရိကန်ရဲ့ ချစ်ကြည်ရေးကို လှုံ့ဆော်အားပေးတဲ့အနေနဲ့ ဂုဏ်ပြုပွဲ အခမ်းအနားကို ဗာဂျီးနီးယားပြည်နယ် Randolph-Macon ကောလိပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို မီးစ် Anderson ရဲ့ မိဘတွေနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Tomita Koji တို့လည်း တက်ရောက်ခဲ့ပါတယ်။
မီးစ် Anderson ရဲ့ ဖခင် Andy က သမီးရဲ့ ဘဝခံယူချက် တစ်ခုက ‌ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုကောင်းတယ်ဆိုတာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပေးဆပ်မယ်ဆိုရင် ပေးဆပ်ခဲ့တာထက် ပိုပြီးပြန်ရလိမ့်မယ်ဆိုတာကို သမီးဆီကနေ သူတို့ သင်ယူခဲ့တဲ့ရတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။