ပေကျင်းဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲကို တရုတ်ပြည်မကြီးက ပရိသတ်တွေကိုပဲ ခွင့်ပြုဖို့ရှိ

ပေကျင်းမြို့မှာကျင်းပမယ့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတားဆီးရေး စီမံချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ပြည်မကြီးက ပရိသတ်တွေကိုပဲ ကြည့်ခွင့်ပေးမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ IOC က ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အွန်လိုင်း အလုပ်အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ နိုင်ငံတကာ ပါရာလင်းပစ်ကော်မတီလည်း တက်ရောက်ခဲ့ပြီး ပေကျင်းအိုလံပစ်အားကစားပွဲ စီစဉ်သူတွေ ရေးဆွဲထားတဲ့ လုံခြုံရေးအစီအစဉ်တွေကို IOC က အတည်ပြု ခဲ့ပါတယ်။
ဒီအိုလံပစ်အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး ပါရာလင်းပစ်အားကစားပြိုင်ပွဲကို မတ်လ ၄ ရက်နေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့က စတင် အသက်ဝင်လာမယ့် အခြေခံစည်းမျဉ်းတွေအရ ပြိုင်ပွဲဝင် အားကစားသမားနဲ့ ပွဲတက်ရောက်သူ အားလုံးဟာ တည်းခိုနေထိုင်တဲ့နေရာကနေ အားကစားရုံနဲ့ သက်ဆိုင်တဲ့ နေရာတွေဆီကို လေ့ကျင့်မှု၊ ပြိုင်ပွဲဝင်မှုနဲ့ တာဝန်ထမ်းတဲ့ အချိန်တွေမှာပဲ သွားလာခွင့်ပြုမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုကို နေ့စဉ် ခံယူရမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးတဲ့သူတွေဟာ ပေကျင်း ကို ရောက်တဲ့နေ့ကနေ ၂၁ ရက်ကြာ သီးခြားခွဲ နေရမှာ ဖြစ်ပါတယ်။ ဆေးပညာအရ အသိအမှတ်ပြုတဲ့ အကြောင်းပြချက်ကြောင့် ကာကွယ်ဆေး မထိုးနိုင်သူတွေနဲ့ ပတ်သက်ပြီး တစ်ဦးချင်းအလိုက် စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
အဲဒီအခြေခံစည်းမျဉ်းတွေကို အသေးစိတ်ဖော်ပြထားတဲ့ လမ်းညွှန်စာအုပ်ရဲ့ ပထမမူကို အောက်တိုဘာလ အနှောင်းပိုင်းမှာ ဖြန့်ချိမယ် လို့ IOC က ဆိုပါတယ်။