အိမ်ခြံမြေစျေးကွက် အားကောင်းနေအောင် လုပ်ကြဖို့ တရုတ်ဗဟိုဘဏ် တောင်းဆို

တရုတ်အိမ်ခြံမြေလုပ်ငန်းကြီး Evergrande Group ရဲ့ ဘဏ္ဍာရေး အခြေအနေယိမ်းယိုင်နေတဲ့အကြား အိမ်ခြံမြေစျေးကွက် အားကောင်းနေအောင် လုပ်ဆောင်ဖို့ နိုင်ငံတွင်းက အဓိကဘဏ်ကြီးတွေကို တရုတ်ဗဟိုဘဏ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

တရုတ်ဗဟိုဘဏ်ဖြစ်တဲ့ People's Bank of China နဲ့ ဘဏ်လုပ်ငန်းနဲ့အာမခံလုပ်ငန်း ကြီးကြပ်ကွပ်ကဲရေးကော်မရှင် တို့ဟာ အိမ်ခြံမြေလုပ်ငန်းစျေးကွက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကို နိုင်ငံတွင်း အဓိကဘဏ်ကြီး ၂၄ ခုက အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
Evergrande Group အကြွေးတွေပိလာလို့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေနဲ့ကြုံလာရတာကြောင့် တခြား အိမ်ခြံမြေလုပ်ငန်းတွေရဲ့ အနေအထားအပေါ် စိုးရိမ်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေက ဘဏ်တွေအနေနဲ့ စျေးကွက်စည်းမျည်းစည်းကမ်းတွေအပေါ် အခြေခံပြီး အိမ်ခြံမြေစျေးကွက် အားကောင်းနေအောင် ထိန်းထားရင်း ဖောက်သည်တွေရဲ့အကျိုးစီးပွားကို ကာကွယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အိမ်ခြံမြေလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုကို စျေးကစားတာမျိုးမလုပ်သင့်ဘူးလို့လည်း အဲဒီအာဏာပိုင်တွေက ပြောပါတယ်။
အိမ်ခြံမြေလုပ်ငန်း မတည်မငြိမ်ဖြစ်မှုက စီးပွားရေးတစ်ခုလုံးနဲ့ ငွေကြေးစနစ်တွေအပေါ် ဂယက်ရိုက်မလာအောင် အာဏာပိုင်တွေက တားဆီးချင်နေတယ်လို့ အကဲခတ်တွေက ပြောဆိုပါတယ်။