မြန်မာ ကျပ်ငွေကြေးတန်ဖိုးကျဆင်း၊ ပြည်သူတွေရဲ့ စားဝတ်နေရေး ထိခိုက်နေ

ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာနိုင်ငံသုံး ကျပ်ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းနေပါတယ်။ ပြည်ပသွင်းကုန်ပစ္စည်း စျေးနှုန်းတွေမြင့်တက်နေပြီး ပြည်သူတွေရဲ့နေ့စဉ်ဘဝအပေါ် ဆိုးဆိုးရွားရွား ထိခိုက်လာနေပါတယ်။

အခုအခါ မြန်မာနိုင်ငံဗဟိုဘဏ်ဟာ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာကို ၁,၉၂၁ ကျပ်လို့ သတ်မှတ်လိုက်ပါတယ်။ အဲဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာနဲ့လဲလှယ်တဲ့ ကျပ်ငွေတန်ဖိုးဟာ ၄၀ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။
ဒါပေမဲ့လည်း လက်တွေ့ ငွေလဲစျေးကွက်အတွင်းမှာ ကျပ်ငွေတန်ဖိုးဟာ ဒီထက်ပိုပြီး ကျဆင်းနေပါတယ်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတုန်းက ရန်ကုန်မြို့မှာ အမေရိကန်တစ်ဒေါ်လာကို ၂,၇၀၀ ကျပ်ဝန်းကျင်လောက်နဲ့ ရောင်းဝယ်နေခဲ့ပါတယ်။
အနာဂတ်အတွက် စိုးရိမ်မှုတွေကြောင့် ဒေါ်လာကို လက်ထဲမှာ ကိုင်ထားချင်တဲ့ မြန်မာပြည်သူတွေ များပြားလာနေတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့လည်း တချို့ ငွေလဲလုပ်ငန်းနေရာတွေမှာ အမေရိကန်ဒေါ်လာစျေးကို ဖော်ပြထားတာမျိုးမရှိတော့ပါဘူး။
ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် သွင်းကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေ မြင့်တက်လာပါတယ်။ ဓာတ်ဆီစျေးနှုန်းဟာ အာဏာမသိမ်းခင်ကထက် ၂ ဆ မြင့်တက်လာခဲ့သလို ဆေးဝါးတွေရဲ့ စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်ဟာ ငွေလဲလှယ်နှုန်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေကို ယာယီတိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ကျပ်ငွေတန်ဖိုးကို ထိန်းထားနိုင်ရေးအတွက် စျေးကွက်ထဲ အကြိမ်ကြိမ် ဝင်ရောက်ထိန်းညှိခဲ့ပါတယ်။ ဒါပေမဲ့ ကျပ်ငွေတန်ဖိုးကျဆင်းမှု ရပ်တန့်သွားအောင် လုပ်နိုင်မယ့်အလားအလာကတော့ နည်းနေပါတယ်။