မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးမယ်

အခုသီတင်းပတ်အစောပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့မှာ အရေးပေါ်အစည်းအဝေးကို ကျင်းပဖို့ ရှိပါတယ်။

အင်္ဂါနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယားအစိုးရက ကုန်းတွင်းဧရိယာတစ်နေရာကနေ အရှေ့ဘက်ကို ဦးတည်ပြီး ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ သူတို့နိုင်ငံဟာ အသစ်တီထွင်ထားတဲ့ အသံထက်မြန်တဲ့ Hwasong-8 ဒုံးကျည်တစ်စင်းကို ပထမဦးဆုံးအဖြစ် စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ အာဘော် Rodong Sinmun သတင်းစာက ဗုဒ္ဓဟူးနေ့မှာ ရေးသားခဲ့ပါတယ်။
တံခါးပိတ်ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ အဲဒီအရေးပေါ်အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ မြောက်ကိုရီးယားက ဒုံးကျဉ်စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာတုန်းကလည်း အရေးပေါ်အစည်းအဝေး တစ်ရပ်ကို လုံခြုံရေးကောင်စီက ကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာတုန်းက အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်ကိုပဲ အသီးသီး ပြောဆိုခဲ့ကြပြီး ညီညွတ်တဲ့ တုံ့ပြန်မှုအတွက် သဘောမတူနိုင်ခဲ့ကြပါဘူး။
ဒုံးကျည်အမျိုးအစားသစ်တွေလို့ ယူဆရတဲ့ အရာတွေကို မြောက်ကိုရီးယားက ထပ်ကာတလဲလဲ စမ်းသပ်ပစ်လွှတ်နေတာကို လုံခြုံရေးကောင်စီက ဘယ်လို တုံ့ပြန်မလဲဆိုတာနဲ့ ပတ်သက်ပြီး အများက အာရုံစိုက်နေကြပါတယ်။