Izu ကျွန်းစုအနီးကို တိုင်ဖွန်းမုန်တိုင်း Mindulle ချဉ်းကပ်မယ်လို့ ခန့်မှန်း

အင်အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Mindulle ဟာ အစောဆုံး သောကြာနေ့ အရုဏ်တက်လောက်မှာ တိုကျိုမြို့ရဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ Izu ကျွန်းစုကို ချဉ်းကပ်မယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီကျွန်းတွေမှာ မုန်တိုင်းထန်တဲ့ မိုးလေဝသနဲ့ ပတ်သက်ပြီး မိုးလေဝသအရာရှိတွေက သတိပေးနေပါတယ်။ ဂျပန်အလယ်ပိုင်းကနေ အရှေ့မြောက်ပိုင်းအထိ ကျယ်ပြန့်တဲ့ ဧရိယာတစ်ဝန်းမှာ ကြမ်းတမ်းတဲ့ လေပြင်းနဲ့ သည်းထန်တဲ့ မိုးရွာသွန်းမှုတွေကိုလည်း သူတို့က သတိပေးနေပါတယ်။
ဂျပန်မိုးလေဝသ အေဂျင်စီက ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီ အချိန်မှာ အဲဒီတိုင်ဖွန်းမုန်တိုင်းဟာ ဂျပန်ကျွန်းမကြီးရဲ့ တောင်ဘက် ရေပြင်မှာရှိနေပြီး တစ်နာရီကို ကီလိုမီတာ ၃၀ နှုန်းနဲ့ မြောက်-အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေတယ်လို့ ဆိုပါတယ်။
Ogasawara ကျွန်းစုမှာ လေတိုက်ခတ်မှု ပိုပြီး ပြင်းထန်လာနေပါတယ်။
သောကြာနေ့မှာ Izu ကျွန်းစုမှာ လေတိုက်နှုန်းဟာ တစ်နာရီမှာ ၁၂၆ ကီလိုမီတာ အထိရှိပြီး တစ်ခါတစ်ခါမှာ အမြင့်ဆုံး တစ်နာရီကို ကီလိုမီတာ ၁၈၀ ရှိတဲ့ လေပြင်းတွေ တိုက်ခတ်မယ်လို့ ခန့်မှန်းရပါတယ်။
လေပြင်းကြောင့် ဓာတ်တိုင်တွေလိုအရာတွေ ထိခိုက်ပျက်စီးနိုင်တာကြောင့် အိမ်ပြင်မထွက်ကြဖို့ မိုးလေဝသ အရာရှိတွေက တိုက်တွန်းနေပါတယ်။
အထူးသဖြင့် Kanto ၊ Tohoku နဲ့ Tokai ဒေသတွေရဲ့ ကမ်းခြေဧရိယာတွေမှာ လေတိုက်ခတ်မှု အလွန်ပြင်းထန်မယ်လို့ ခန့်မှန်းထားပါတယ်။ လမ်းပန်းဆက်သွယ်ရေး ထိခိုက်နိုင်တာကြောင့် အဲဒီဧရိယာတွေက လူတွေအနေနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို မျက်ခြေမပြတ် ရယူကြဖို့ တိုက်တွန်းထားပါတယ်။
ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေအတွက်ပြင်ဆင်မှုနဲ့ ဘေးကင်းကင်းနဲ့ ဘယ်လို တိမ်းရှောင်မလဲဆိုတာကို မုန်တိုင်းမချဉ်းကပ်ခင်မှာ ကြိုတင်စဉ်းစားထားကြဖို့ မိုးလေဝသ အရာရှိတွေက တိုက်တွန်းနေပါတယ်။