ဂျပန်က ခရိုင်မှာ နိုင်ငံခြားသားနေထိုင်သူတွေရဲ့ ကာကွယ်ဆေးထိုးနှုန်း နိမ့်ကျနေ

တိုကျိုမြို့မြောက်ဘက်က တိုချိဂီ ခရိုင်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှုန်းဟာ ခရိုင်တစ်ခုလုံးရဲ့ လူဦးရေနဲ့ဆိုင်တဲ့ ကာကွယ်ဆေးထိုးနှုန်းထက် နိမ့်နေတာကို NHK ရဲ့ စစ်တမ်းတစ်ခုအရ သိရှိရပါတယ်။

ဒီစစ်တမ်းမှာ စက်တင်ဘာလ အလယ်ပိုင်းကနေ အနှောင်းပိုင်းအထိ ကာကွယ်ဆေး အပြည့်အဝထိုးပြီးတဲ့ တိုချိဂီ ခရိုင်က ၂၅ မြို့မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ ရာခိုင်နှုန်းကို လေ့လာခဲ့ပါတယ်။
ကာကွယ်ဆေးထိုးနိုင်တဲ့ နိုင်ငံခြားသားနေထိုင်သူ အရေအတွက် အများဆုံး ရှိတဲ့ Utsunomiya မြို့မှာ နေထိုင်သူအားလုံးနဲ့ဆိုင်တဲ့ ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူနှုန်းက ၄၂.၄ ရာခိုင်နှုန်းရှိနေတဲ့အချိန်မှာ နိုင်ငံခြားသားနေထိုင်သူတွေရဲ့ အပြည့်အဝထိုးပြီးသူနှုန်းကတော့ ၂၃.၅ ရာခိုင်နှုန်း ရှိပါတယ်။
ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး မြို့ရွာအလိုက် တိုးတက်မှုအနေအထားတွေ ကွဲပြားနေပါတယ်။ Ichikai မြို့မှာ နိုင်ငံခြားသားနေထိုင်သူတွေရဲ့ ၅၁.၂ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့်အဝထိုးပြီး ဖြစ်ပါတယ်။ Mibu မြို့မှာတော့ အဲဒီနှုန်းက အနိမ့်ဆုံးဖြစ်နေပြီး ၅.၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။
တချို့လူတွေဟာ ဂျပန်ဘာသာစကားကို ကောင်းကောင်းနားမလည်တာကြောင့် ဆေးထိုးဖို့ ကြိုတင်စာရင်းပေးတာတွေကို မလုပ်နိုင်တဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ တိုချိဂီ ခရိုင် အရာရှိတွေက ဆိုပါတယ်။
လူတိုင်းအတွက် ကာကွယ်ဆေးထိုးရေး သတင်းအချက်အလက်တွေကို ဖြန့်ချိပေးဖို့ သူတို့အနေနဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း အဲဒီအရာရှိတွေက ပြောပါတယ်။