ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ဖို့ စမ်းသပ်မှုတွေ ဂျပန်စီစဉ်နေ

ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျှော့ဖို့ ပြင်ဆင်နေတဲ့အကြားမှာ စမ်းသပ်မှုတွေကို လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း NHK က သိရှိခဲ့ရပါတယ်။

ကာကွယ်ဆေး အပြည့်အဝထိုးပြီးသူတွေ ဒါမှမဟုတ် စစ်ဆေးမှုအရ ပိုးကူးစက်မှုမရှိကြောင်း တွေ့ရှိရသူတွေ အပါအဝင် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမယ့်အန္တရာယ် နည်းပါးသူတွေအတွက် ကန့်သတ်ချက် ဖြေလျှော့မှု အကျုံးဝင်မှာ ဖြစ်ပါတယ်။ ထိန်းချုပ်မှုတွေ လျှော့ချလိုက်ခြင်းအားဖြင့် တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေကို အခုလုပ်ဆောင်မယ့် စမ်းသပ်မှုတွေကနေ ဖော်ထုတ်ဖို့ ဂျပန်အစိုးရက ဆန္ဒရှိနေပါတယ်။
စားသောက်ဆိုင်၊ ဘားဆိုင်၊ အသေးစား စင်မြင့်ဖျော်ဖြေပွဲနေရာ၊ အသေးစား ဇာတ်ရုံနဲ့ ကြီးမားတဲ့ ပွဲလန်းတွေမှာ အခုလို စမ်းသပ်မှုတွေကို လုပ်ဆောင်ဖို့ အစိုးရက စီစဉ်နေပါတယ်။
ဒီစမ်းသပ်မှုတွေမှာ လူတွေရဲ့ ကာကွယ်ဆေးထိုးမှု မှတ်တမ်းတွေကို စစ်ဆေးတာ၊ လာရောက်သူတွေရဲ့ စာရင်းကို ပြုစုတာနဲ့ လေဝင်လေထွက် အနေအထားတိုင်းထွာတာတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ပါဝင်သူဦးရေနဲ့ ဆိုင်ဖွင့်လှစ်ချိန်ဆိုင်ရာ ကန့်သတ်ချက်တွေကို လျှော့ချပေးပြီး ဒီစမ်းသပ်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကူးစက်ခံခဲ့ရသူတွေ ရှိသလားဆိုတာ ဖော်ထုတ်ဖို့ နောက်ဆက်တွဲ စစ်တမ်းတွေမှာ ပူးပေါင်းပါဝင်မှုရရှိဖို့လည်း အစိုးရက ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေက စမ်းသပ်မှုတွေကို ဟော့ကိုင်းဒိုး၊ စိုင်းတာမ၊ ချိဘ၊ ခါနာ့ဂါဝ၊ အီရှိခါဝ၊ ရှိဂါ၊ ကျိုတို၊ အိုစာကာ၊ ဟယောဂို၊ ဖူကုအိုက၊ ခူမာ့မိုတိုနဲ့ အိုကီနာဝါ ဆိုတဲ့ ခရိုင် ၁၂ ခုမှာ လုပ်ဆောင်မှာဖြစ်ပါတယ်။ အသေးစား စင်မြင့်ဖျော်ဖြေပွဲနေရာနဲ့ အသေးစား ဇာတ်ရုံတွေရဲ့ စမ်းသပ်မှုတွေကိုတော့ ဟော့ကိုင်းဒိုး၊ အိုင်းချိ၊ အိုစာကာ နဲ့ ခူမာ့မိုတို ဆိုတဲ့ ခရိုင် ၄ ခုမှာ လုပ်ဆောင်မှာဖြစ်ပါတယ်။
ကြီးမားတဲ့ ပွဲလန်းတွေနဲ့ပတ်သက်ပြီးကတော့ J.League ဘောလုံးပွဲတွေနဲ့ နိုင်ငံတကာ ကျွမ်းဘားပွဲတစ်ပွဲမှာ စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ သဘောတူညီချက်ရရှိရေး အစိုးရက ညှိနှိုင်းနေပါတယ်။
ပိုပြီးအသေးစိတ်တဲ့ အချက်အလက်တွေကို မကြာခင် ထုတ်ပြန်ဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။