ဂျပန့်အဓိကအာဏာရပါတီ ခေါင်းဆောင်သစ်က ပါတီ အမှုဆောင်ရာထူးအတွက် လူရွေးနေ

ဂျပန့် အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်သစ်ဟာ မကြာခင် ဖွဲ့စည်းမယ့် သူ့အစိုးရအတွက် အဖွဲ့ဝင်တွေနဲ့ ပါတီ အမှုဆောင်ရာထူးတွေအတွက် လူရွေးချယ်မှုတွေကို လုပ်ဆောင်နေပါတယ်။

မစ္စတာ Kishida Fumio ဟာ ဗုဒ္ဓဟူးနေ့မှာ LDP ရဲ့ ခေါင်းဆောင်ရာထူးကို ရယူခဲ့ပါတယ်။ ဝါရင့်နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ သူဟာ အခုအခါမှာ လက်တွေ့အားဖြင့် မစ္စတာ Suga Yoshihide ရဲ့ နောက်မှာ ဝန်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့ မနက် ၁၀ နာရီခွဲလောက်မှာ မစ္စတာ Kishida ဟာ LDP ရုံးချုပ်ကို ရောက်ရှိခဲ့ပါတယ်။ သတင်းထောက်တွေကို သူက သူ့မှာ လုပ်စရာ အများအပြားရှိနေပြီး စကားပြောဖို့ အချိန်သိပ်မပေးနိုင်ကြောင်း ပြောခဲ့ပါတယ်။
သူ့အနေနဲ့ ပါတီ အမှုဆောင်နဲ့ ဝန်ကြီးအဖြစ်လျာထားမယ့်သူတွေ နဲ့ပတ်သက်ပြီး ရွေးချယ်စရာ အများအပြားကို ချင့်ချိန်သုံးသပ်နေတယ်လို့ မစ္စတာ Kishida က ပြောပါတယ်။
သောကြာနေ့မှာ အမှုဆောင်သစ်တွေကို သူက ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
LDP ရဲ့ အခွန်စနစ်ဆိုင်ရာ သုတေသန ကော်မရှင် ဥက္ကဋ္ဌ Amari Akira ဟာ ပါတီ အထွေထွေအတွင်းရေးမှူး ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ပညာရေးဝန်ကြီး Hagiuda Koichi ဟာ ပါတီအမှုဆောင် ဒါမှမဟုတ် အရေးပါတဲ့ ဝန်ကြီးရာထူး ရလာမယ်လို့ မျှော်လင့်ရပါတယ်။
အခုတစ်ကြိမ် ပါတီခေါင်းဆောင် ရွေးပွဲမှာ ဒုတိယနေရာ ရခဲ့တဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေး ဝန်ကြီး Kono Taro ကို ရာထူးတစ်နေရာ ကမ်းလှမ်းဖို့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း မစ္စတာ Kishida က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။