ဂျပန်ပန်းချီဆရာရဲ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တဲ့ လက်ရာတွေကို British Museum ပြမယ်

British Museum ဟာ ukiyo-e ပန်းချီဆရာကြီး Katsushika Hokusai ရဲ့ မကြာသေးခင်က ပြန်လည်တွေ့ရှိခဲ့တဲ့ ပန်းချီကားပေါင်း ၁၀၀ လောက်နဲ့ ပြပွဲတစ်ခု ကျင်းပဖို့ ရှိပါတယ်။

“Hokusai: The Great Picture Book of Everything” လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲကို ကြာသပတေးနေ့ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အဲဒီပန်းချီကားပေါင်း ၁၀၃ ချပ်ကို ပြပွဲမတိုင်မီ အဲဒီပြတိုက်က အင်္ဂါနေ့မှာ မီဒီယာတွေကို ပြသခဲ့ပါတယ်။ အဲဒီပန်းချီကားတွေကို အွန်လိုင်းပေါ်ကနေ ကြည့်နိုင်ပါတယ်။
ပို့စကတ်အရွယ်အစားရှိတဲ့ အဲဒီပန်းချီကားတွေဟာ သစ်သားပေါ်မှာ ထွင်းထုဖို့အတွက် ရေးဆွဲထားတဲ့ ပုံကြမ်းတွေ ဖြစ်ပါတယ်။ တိရစ္ဆာန်နဲ့ အပင်တွေသာမက တခြား သဘာဝဖြစ်စဉ်တွေနဲ့ ရှုခင်းတွေ စသဖြင့် ရေးဆွဲတဲ့ အကြောင်းအရာတွေက အမျိုးအစား စုံလင်ပါတယ်။
အဲဒီ ပန်းချီကားတွေကို ၁၈၂၀ ခုနှစ်တွေကနေ ၁၈၄၀ ခုနှစ်တွေအကြားက ထုတ်မဝေဖြစ်ခဲ့တဲ့ ရုပ်ပြစာအုပ်တစ်အုပ်အတွက် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
ပြတိုက်မှူး Alfred Haft က ဆရာ Hokusai ဟာ “ဟာသဉာဏ်နဲ့ စွန့်စားမှုတို့ ပေါင်းစပ်ထားတဲ့“ ပန်းချီဆရာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် “ဒီပန်းချီကားတွေဟာ ပုံမှန်စွယ်စုံကျမ်းတွေရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ပါဘူး။ ဆရာ Hokusai က စိတ်ကူးယဉ် ပုံဖော်ထားတဲ့ ကမ္ဘာလေးပါ”လို့လည်း သူက ပြောပါတယ်။
အဲဒီပန်းချီကားတွေမှာ အရောင်မရှိပေမယ့် “ပန်းချီဆရာရဲ့ လက်ရည်ကို တိုက်ရိုက် မြင်တွေ့ရတာကြောင့် အံ့ဩဖွယ်ကောင်းတယ်”လို့ မစ္စတာ Haft က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။