တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ကုန်ထုတ်လုပ်မှု အပေါ် ထိခိုက်

တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတွေအပေါ် ကန့်သတ်ချက်တွေ ကြောင့် ပြည်သူတွေရဲ့ နေစဉ်ဘဝတွေနဲ့ ကုန်ထုတ်လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေရှိနေပါတယ်။

ကျောက်မီးသွေးစျေးနှုန်းတွေ ထိုးတက်နေတာနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချဖို့ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပိုမို တင်းကျပ်လာတာတွေဟာ အဲဒီကန့်သတ်ချက်တွေရဲ့ နောက်ကွယ်က အကြောင်းတရားတွေ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆရကြောင်း တရုတ် မီဒီယာတွေမှာ သတင်းတင်ပြ နေကြပါတယ်။
လူနေရပ်ကွက်တချို့မှာလည်း ဓာတ်အားပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး ကုမ္ပဏီအများအပြား လုပ်ငန်းတွေကို ရပ်ဆိုင်းထားရပါတယ်။
အနုစိတ် ကိရိယာတွေကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုရဲ့ Guangdong ပြည်နယ်က စက်ရုံဟာ သီတင်း ၁ ပတ်မှာ ၆ ရက် နေ့အချိန် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ပုံမှန်သုံးစွဲမှု ပမာဏရဲ့ ထက်ဝက်ပဲ သုံးစွဲဖို့ ကန့်သတ်ခံထားရပါတယ်။ အဲဒီစက်ရုံဟာ လုပ်ငန်းလည်ပတ်မှု တစ်စိတ်တစ်ပိုင်းကို ညဘက်အချိန်တွေမှာ လုပ်ဖို့ ပြောင်းခဲ့ရပါတယ်။
အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုဟာ သီတင်း ၁ ပတ်မှာ ၅ ရက်အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပုံမှန် သုံးစွဲမှု ပမာဏရဲ့ ၁၀ရာခိုင်နှုန်းအထိ ကန့်သတ်ခံခဲ့ရတာကြောင့် ကိုယ်ပိုင် လျှပ်စစ် ဓာတ်အားထုတ်လုပ်တဲ့ စနစ်ကို အသုံးပြုနေရတယ်လို့ဆိုပါတယ်။
တရုတ်အစိုးရဟာ ၂၀၆၀ ပြည့်နှစ်နောက်ဆုံးထားပြီး ကာဗွန်ထုတ်လွှတ်မှုနဲ့ သုံးစွဲမှု မျှခြေဖြစ်စေဖို့ ရည်မှန်းနေတာကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ သူတို့အရင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ပြည့်မီအောင် စည်းမျဉ်းစည်းကမ်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြတယ်လို့ ယုံကြည်ရပါတယ်။