ကပ်ရောဂါဖြစ်ပွားနေတဲ့ အတောအတွင်း ထိုင်းအစိုးရ ကြွေးမြီပမာဏ သတ်မှတ်ချက် မြှင့်မယ်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို အထောက်အကူပြုဖို့အတွက် အစိုးရရဲ့ အသုံးစရိတ် ဆက်လက် တိုးလာနေတာကြောင့် ကြွေးမြီပမာဏသတ်မှတ်ချက်ကို မြှင့်သွားဖို့ ထိုင်းအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းအစိုးရက သူ့ရဲ့ ကြွေးမြီ နဲ့ GDP အချိုးကို ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ မြှင့်သွားမှာ ဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကြွေးမြီပမာဏဟာ အမြင့်ဆုံးသတ်မှတ်ချက်နီးပါး ရောက်လာတာကြောင့် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကြွေးမြီပမာဏသတ်မှတ်ချက် မြှင့်လိုက်တာဟာ တာဝန်ရှိသူတွေကို ထပ်ဆောင်း စီးပွားရေးဆိုင်ရာ အစီအမံတွေ ဆောင်ရွက်လာစေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဖြေလျှော့မှုအဖြစ် စျေးကွက်ထဲမှာ ရှုမြင်ကြရင် ထိုင်းဘတ်ငွေတန်ဖိုး ကျဆင်းလာနိုင်ဖွယ်ရှိပါတယ်။
ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်က ကြွေးမြီ ပမာဏသတ်မှတ်ချက်ကို တိုးမြှင့်ခဲ့ပြီး အလားတူ ထပ်လုပ်ဖို့ စဉ်းစားနေပါတယ်။
ကပ်ရောဂါဆက်လက်ဖြစ်ပွားနေတာကြောင့် နိုင်ငံအတော်များများဟာ စီးပွားရေး လှုံ့ဆော်မှုဆိုင်ရာ အသုံးစရိတ် နဲ့ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုရှိရေးအကြား ထိန်းညှိဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။