အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု ပြောဆို

မြောက်ကိုရီးယား သတင်းစာတစ်စောင်မှာ သူ့နိုင်ငံဟာ အသစ်တီထွင်ထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကို အင်္ဂါနေ့မနက်မှာ ပထမဆုံး စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာရ အလုပ်သမားပါတီ Rodong Sinmun ရဲ့ ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာမှာ မြောက်ပိုင်းပြည်နယ် Jagang မှာ Hwasong-8 ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီသတင်းမှာ ပါတီရဲ့ အကြီးတန်းအရာရှိ Pak Jong Chonက လာရောက်ကြည့်ရှုတယ်လို့ ဆိုထားပါတယ်။ မစ္စတာ Pak ဟာ ခေါင်းဆောင် Kim Jong Un ရဲ့အနီးကပ်လက်ထောက် တစ်ဦးဖြစ်ပါတယ်။
အဲဒီ သတင်းမှာ ကာကွယ်ရေးသိပ္ပံ ပညာရှင်တွေက လမ်းကြောင်း ထိန်းချုပ်မှုနဲ့ ဒုံးကျည်ရဲ့တည်ငြိမ်မှုကို အတည်ပြုခဲ့တယ်လို့ ဆိုထားပါတယ်။
လမ်းကြောင်းပြ ထိန်းချုပ်မှုနဲ့ ဒုံးကျည်ထိပ်ဖူးရဲ့ ထိန်းချုပ်မဲ့ ပျံသန်းမှု အထူးပြုလုပ်ချက်တွေလိုမျိုး နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို သူတို့က ဆန်းစစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဒုံးကျည်ဟာ လိုအပ်တဲ့သတ်မှတ်ချက်အားလုံးနဲ့ ပြည့်မီပြီး နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ပေးမယ့် မဟာဗျူဟာမြောက် အရေးပါတယ် ဆိုတာကို အဲဒီသတင်းမှာ အလေးပေး ဖော်ပြထားပါတယ်။
ဂျပန်ကာကွယ်ရေးဆိုင်ရာ စာတမ်းမှာတော့ အသံထက် အရှိန် ၅ဆမြန်တဲ့ဆိုတဲ့ Mach 5 ထက် အရှိန်ပိုမြန်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်လက်နက်တစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားက အဲဒီ လက်နက်တီထွင်မှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလမှာ မှတ်ချက်ပြုခဲ့ပါတယ်။