တိုင်ဖွန်းမုန်တိုင်း Mindulle ဆိုင်ရာသတိပေးချက် မိုးလေဝသ အေဂျင်စီ ထုတ်ပြန်

ဂျပန်မိုးလေဝသအေဂျင်စီက အားကောင်းတဲ့ တိုင်ဖွန်း ချဉ်းကပ်လာတာကြောင့် ဘေးကင်းစိတ်ချမှုဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

တိုင်ဖွန်းမုန်တိုင်းMindulle ဟာ သောကြာနေ့မှာ အဲဒီ အင်အားအတိုင်း ဆက်ရှိနေပြီး ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ တိုကျိုရဲ့ Izu ကျွန်းတွေဆီ ရွေ့လျားလာမယ်လို့ ခန့်မှန်းရကြောင်း မိုးလေဝသအေဂျင်စီ အရာရှိတစ်ဦးက ဆိုပါတယ်။
မုန်တိုင်းလမ်းကြောင်းပေါ် မူတည်ပြီး ဂျပန်နိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဧရိယာတွေက ပစိဖိတ်ကမ်းရိုးတန်းကို လေပြင်းမုန်တိုင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိတယ်လို့ သူက သတိပေးခဲ့ပါတယ်။
တိုင်ဖွန်းဗဟိုချက်ကနေ ၆၀၀ ကီလိုမီတာ အကွာအဝေး ဧရိယာတွေအထိ မုန်တိုင်းတိုက်ခတ်နိုင်ပြီး မုန်တိုင်း အရွယ်အစားကြီးမားတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
Izu ကျွန်းမှာ နေထိုင်သူတွေအနေနဲ့ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာပြီး အခြေအနေတွေ မဆိုးလာခင် ဖြစ်နိုင်ရင် ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပြီး တိမ်းရှောင်ရေးအတွက် ပြင်ဆင်ဖို့ ဒါမှမဟုတ် ဘေးကင်းစိတ်ချရမယ့် ကြိုတင်ပြင်ဆင်မှုတွေကို အပြီးအစီး လုပ်ဆောင်ထားကြဖို့ သူက တောင်းဆိုထားပါတယ်။
ဂျပန်ရဲ့ တခြားဧရိယာမှာ နေထိုင်သူတွေလည်း သတိကြီးကြီးထားကြဖို့နဲ့ ကြာသပတေးနေ့မှာ နောက်ဆုံးထားပြီး ဘေးကင်းစိတ်ချရမယ့် ကြိုတင်ပြင်ဆင်မှုတွေ ပြီးစီးအောင် လုပ်ဆောင်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
မုန်တိုင်းလမ်းကြောင်း ဒါမှမဟုတ် တခြား အခြေအနေ တစ်ခုခု ပြောင်းသွားဖွယ် ရှိတာကြောင့် တိုင်ဖွန်းနဲ့ပတ်သက်တဲ့ နောက်ဆုံးရ သတင်းတွေကို မျက်ခြေမပျက် သိရှိအောင် လုပ်ဆောင်ကြဖို့ သူက တောင်းဆိုထားပါတယ်။