Ford Motor ကုမ္ပဏီက လျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာ ဘက်ထရီစက်ရုံတွေ တည်ဆောက်မယ်

Ford Motor ကုမ္ပဏီက လျှပ်စစ်မော်တော်ကားတွေမှာ အသုံးပြုတဲ့ EV ဘက်ထရီ စက်ရုံ သုံးရုံ တည်ဆောက်မယ့် အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံ လိုက်ပြီး အမေရိကန် လျှပ်စစ်မော်တော်ယာဉ်စျေးကွက်မှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်လိုက်ပါတယ်။

Kentucky ပြည်နယ်မှာ စက်ရုံ ၂ ရုံ ၊ Tennessee မှာ စက်ရုံ ၁ ရုံ တည်ဆောက်မယ်လို့ အဲဒီအမေရိကန် မော်တော်ကား ကုမ္ပဏီက တနင်္လာနေ့မှာ ပြောပါတယ်။
စက်ရုံ ၃ ရုံ စလုံး ကို တောင်ကိုရီးယား ဘက်ထရီ ထုတ်လုပ်ရေး ကုမ္ပဏီ SK Innovation နဲ့ ပူးတွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Tennessee က စက်ရုံမှာ လျှပ်စစ်မော်တော်ကားတွေ တပ်ဆင်တာကိုပါ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ အလုပ်အကိုင်ပေါင်း ၁၁,၀၀၀ ကို ဖန်တီးပေးနိုင်မယ်လို့ Ford ကုမ္ပဏီက ပြောပါတယ်။
၂၀၃၀ ပြည့်နှစ်မှာ ရောင်းချမယ့် မော်တော်ကားအသစ်တွေ အားလုံးရဲ့ ထက်ဝက်ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု မရှိတဲ့ မော်ဒယ်တွေ ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အမေရိကန် သမ္မတ Joe Biden က ပြီးခဲ့တဲ့လမှာ ချမှတ်ခဲ့ပါတယ်။
လျှပ်စစ်စွမ်းအင်သုံး ပစ်ကပ်ထရပ်ကားတွေကို အရှိန်မြှင့် ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ Ford ကုမ္ပဏီက ပြောပါတယ်။
General Motors ကုမ္ပဏီက ၂၀၃၅ ခုနှစ်မှာ ဓာတ်ဆီသုံးယာဉ်တွေ ရောင်းချမှုအားလုံးကို ရပ်ဆိုင်းဖို့ စီစဉ်နေပါတယ်။