WHO က ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းကျောင်း ဖွင့်လှစ်မယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို ကမ္ဘာတစ်ဝန်းက ကျွမ်းကျင်ပညာရှင်တွေနဲ့ မျှဝေဖို့ ရည်ရွယ်ပြီး WHO သင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

တနင်္လာနေ့က Lyon မြို့မှာ ကျင်းပခဲ့တဲ့ အုတ်မြစ်ချအခမ်းအနားမှာ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က WHO အနေနဲ့ လူသားတွေနဲ့ ပိုမိုကျန်းမာတဲ့ အနာဂတ်အ‌တွက် ရင်းနှီးမြှုပ်နှံ လိုတယ်လို့ ပြောပါတယ်။
"ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ဖို့ လိုအပ်တဲ့ အသိပညာ၊ ကိရိယာတန်ဆာပလာတွေ၊ စွမ်းရည်တွေရှိလာအောင် အာမခံပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ် " လို့ သူက ဆိုပါတယ်။
ကူးစက်ရောဂါတွေ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ် သတင်းအချက်အလက်တွေကို WHO က ဆေးပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုသူတွေ အတွက် မျှဝေပေးချင်ပါတယ်။
သတင်းအချက်အလက်တွေကို လျင်မြန်စွာ မျှဝေဖို့ လိုအပ်တာကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက မီးမောင်းထိုးပြခဲ့ပါတယ်။ ဒါပေမယ့် အသက်ကယ်ဆယ်ရေး ဆိုင်ရာ လမ်းညွှန်တွေကို လက်တွေ့ အသုံးချလာနိုင်ဖို့ ဆယ်စုနှစ်တစ်ခုကျော် ကြာနိုင်တယ် လို့ WHO အရာရှိတွေက ဆိုပါတယ်။
နည်းပြတွေက လူထုကျန်းမာရေးကဏ္ဍထဲက အလုပ်အကိုင် အများအပြားအတွက် အွန်လိုင်းကနေ လေ့ကျင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ကူးစက်ရောဂါတွေနဲ့ ကြီးမားတဲ့ ဘေးအန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာနဲ့ ပတ်သက်တဲ့ လက်တွေ့လေ့ကျင့်မှုတွေကို သူတို့က သင်ကြားပေးမှာ ဖြစ်ပါတယ်။