ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသူတွေအတွက် သီးခြားခွဲနေရေး စည်းမျဉ်းတွေကို ဂျပန်အစိုးရ လျှော့ပေါ့မယ်

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Mu အမျိုးအစား ကူးစက်မှုတွေ အတည်ပြုထားတဲ့ နိုင်ငံ ၉ ခု ကလာသူတွေကလွဲပြီး ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးတဲ့ ခရီးသွားတွေ နိုင်ငံတွင်းဝင်ရောက်တဲ့အခါ လိုက်နာရမယ့် သီးခြားခွဲနေရေးဆိုင်ရာ စည်းမျဉ်းတွေကို အောက်တိုဘာလက စပြီး ဂျပန်အစိုးရက လျှော့ပေါ့မှာ ဖြစ်ပါတယ်။

လက်ရှိစည်းမျဉ်းတွေအောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အကြီးအကျယ်ဖြစ်ပွားနေတဲ့ နိုင်ငံနဲ့ နယ်မြေတွေကလာတဲ့ ခရီးသွားတွေဟာ သတ်မှတ်ထားတဲ့နေရာတွေမှာ ဂျပန်ကိုရောက်ရှိပြီးနောက် ၃ ရက်တာ နေထိုင်ဖို့ လိုအပ်ပါတယ်။
အဲဒီနေရာတွေက ထွက်ခွာပြီးနောက်မှာ သူတို့အနေနဲ့ ဂျပန်နိုင်ငံတွင်းက နေအိမ် ဒါမှမဟုတ် တခြားနေရာတွေမှာ ဂျပန်ကိုရောက်ရှိပြီးနောက် ၁၄ ရက် ကြာတဲ့အထိ သီးခြားခွဲနေထိုင်ရမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အဲဒီ စည်းမျဉ်းကို ဂျပန်အစိုးရက ဖြေလျှော့မှာ ဖြစ်ပါတယ်။ ဂျပန်ကို မဝင်ရောက်ခင် အနည်းဆုံး ၁၄ ရက်မတိုင်ခင်က ကာကွယ်ဆေးအပြည့်ထိုးထားပြီးကြောင်း သက်သေအထောက်အထားရှိသူတွေဟာ သတ်မှတ်ထားတဲ့နေရာမှာ ၃ ရက်နေထိုင်ရမယ့် ကန့်သတ်ချက်ကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။
သူတို့ထိုးထားတဲ့ ကာကွယ်ဆေးဟာ ဂျပန်အစိုးရက အသိအမှတ်ပြုထားတဲ့ အမျိုးအစား ဖြစ်ရမှာ ဖြစ်ပါတယ်။
အဲဒီလိုလူတွေဟာ သူတို့ရဲ့ နေအိမ် ဒါမှမဟုတ် တခြားနေရာတွေမှာ သီးခြားခွဲနေဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ သူတို့ရောက်ရှိပြီး အနည်းဆုံး ၁၀ ရက်ကြာပြီးနောက် စစ်ဆေးမှုမှာ ပိုးမရှိတာတွေ့ရမယ်ဆိုရင် သီးခြားခွဲနေတဲ့ကာလကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာ ၉ နိုင်ငံက ခရီးသွားတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ၆ ရက်ကြာ နေထိုင်ဖို့ လိုအပ်ပြီး အဲဒီနောက် နေအိမ် ဒါမှမဟုတ် တခြားနေရာတွေမှာ သူတို့ရောက်ရှိပြီးနောက် ၁၄ ရက်ကြာတဲ့အထိ သီးခြားခွဲနေဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဲဒီ ၉ နိုင်ငံကတော့ အာဂျင်တီးနား၊ ကော့စတာရီကာ၊ ကိုလံဘီယာ၊ စူရီနမ်၊ ထရီနီဒါ နှင့် တိုဘေးကို၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ ဗင်နီဇွဲလားနဲ့ ပီရူး နိုင်ငံတွေ ဖြစ်ပါတယ်။