စစ်အတွင်း အလုပ်ခိုင်းစေမှုဆိုင်ရာ တောင်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကန့်ကွက်

စစ်အတွင်း အလုပ်ခိုင်းစေမှုနဲ့ ဆိုင်တဲ့ လျော်ကြေးတောင်းဆိုမှုမှာ ဂျပန်ကုမ္ပဏီတစ်ခုကနေ သိမ်းယူခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချဖို့ ခွင့်ပြုခဲ့တဲ့ တောင်ကိုရီးယား တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဂျပန်က ကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ပြောကြားခဲ့ပါတယ်။

ဂျပန် Mitsubishi Heavy Industries ရဲ့ တောင်ကိုရီးယားက မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်တွေအပါအဝင် အဲဒီပိုင်ဆိုင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းကို ရောင်းချနိုင်တယ်လို့ Daejeon ခရိုင်တရားရုံးက တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါဟာ တောင်ကိုရီးယား တရားရုံးတစ်ရုံးက စစ်အတွင်း အလုပ်ခိုင်းစေမှုနဲ့ပတ်သက်ပြီး ဂျပန်ကုမ္ပဏီတစ်ခုရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချခွင့် ပြုခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါဟာ တောင်ကိုရီးယားတရားရုံးချုပ်ရဲ့ ၂၀၁၈ ခုနှစ်က စီရင်ချက်အတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတချို့က အဲဒီကုမ္ပဏီဟာ သူတို့နဲ့ သူတို့ရဲ့ ဆွေမျိုးတွေကို ဒုတိယကမ္ဘာစစ်အတွင်း ကြမ်းတမ်းတဲ့အနေအထားတွေအောက်မှာ ကုမ္ပဏီအတွက် အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့တယ်လို့ ဆိုပြီး သူတို့ကို လျော်ကြေးပေးဖို့ အဲဒီကုမ္ပဏီကို တောင်ကိုရီးယား တရားရုံးချုပ်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတရားရုံးဟာ အဲဒီနှစ်မှာပဲ တခြား ဂျပန်ကုမ္ပဏီတစ်ခုအပေါ်လည်း အလားတူ အမိန့်ချမှတ်ခဲ့ပါတယ်။
စစ်အတွင်း အလုပ်ခိုင်းစေမှုနဲ့ပတ်သက်ပြီး ဂျပန်ရဲ့ ရပ်တည်ချက်ကို တောင်ကိုရီးယားက သိထားပါလျက်နဲ့ တရားရုံးအနေနဲ့ အဲဒီလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဟာ အလွန်အမင်း စိတ်မကောင်း ဖြစ်တယ်လို့ မစ္စတာ Motegi က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကန့်ကွက်မှုတွေကို တိုကျိုက သံတမန်ရေးရာ လမ်းကြောင်းတွေနဲ့ ဆိုးလ်မြို့မှာ ရှိတဲ့ ဂျပန်သံရုံးကတစ်ဆင့် ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန် ၁၉၅၆ ခုနှစ်မှာ ရပိုင်ခွင့်ရှိတဲ့ တောင်းဆိုမှုတွေ တစ်ခုမကျန်ကို အပြည့်အဝ အပြီးအစီး ဖြေရှင်းပေးခဲ့ပြီးပြီလို့ ဂျပန်အစိုးရက ဆိုပါတယ်။
လျော်ကြေးပေးဖို့ ဂျပန်ကုမ္ပဏီတွေအပေါ် ချမှတ်ထားတဲ့ အမိန့်တွေနဲ့ အဲဒီဥပဒေရေးရာ လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်တယ်လို့ မစ္စတာ Motegi က ဆိုပါတယ်။
ပိုင်ဆိုင်မှုတွေကို ရောင်းချခွင့်ပြုတာဟာ နှစ်နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့အတွက် ဒါကို ရှောင်ရှားသင့်တယ်လို့ မစ္စတာ Motegi က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားအနေနဲ့ အနေအထားတွေ ကောင်းမွန်လာအောင် မဆိုင်းမတွ လုပ်ဆောင်သင့်တယ်လို့ သူက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။